ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းသို့ ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ညပိုင်းက စစ်ကြောင်းထိုး ၀င်ရောက်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ထုတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်ဖွဲ့များမှ သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့က ကောလင်းမြို့ မင်းတဲကြီးရပ်ကွက်၊ မင်းချမ်းကျောင်းမှနေ၍ ကောလင်းမြို့ အတွင်း၀င်လာသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များက အပြင်းအထန်တိုက်ထုတ်ခဲ့ရာ ညပိုင်းအထိတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုများစွာနှင့် တပ်ပြန်ဆုတ်သွားကြောင်း တပ်ဖွဲ့၀င်များထံက သိရသည်။

တပ်ဆုတ်ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်များက လိုက်လံတိုက်ခိုက်ရာ ကောလင်းတောင်ဘက် ဆိုင်ဒူးရွာသို့ ဆုတ်ခွာသွားပြီး ကောလင်း မြောက်ခြမ်းမှ စစ်ကြောင်းထိုး၍ မြို့တွင်း၀င်ရောက်လာသည့် စစ်ကြောင်းကိုလည်း လိုက်လံ တိုက်ထုတ်ခဲ့ရာ ကျွန်းလှခုံရွာအနောက်ခြမ်းထိ ဆုတ်ခွာသွားရကြောင်း ကောလင်း Revolution ထံက သိရ သည်။

“မနေ့က ကောလင်းထဲကို စစ်တပ်တွေ၀င်သွားပြီဆိုလို့ စိတ်တွေပူနေတာ။ ကျွန်းလှခုံမှာ လည်း တစ်ညလုံးပစ် သံကြားတယ်ဆိုပြီး ပြောတော့ ကျွန်းလှခုံထဲကျန်ခဲ့တဲ့ လူတွေကို စစ်ရှောင်ဖို့လုပ်ခိုင်းရတယ်။ ဒီနေ့မနက်တော့ စစ်တပ်က သေဆုံးများပြီး ရွာထဲက ပြန်ဆုတ် သွားပြီလို့ သိရတယ်။ ညကတော့ ည ၁ နာရီထိပစ်သံတွေကြားရတယ်”ဟု ကျွန်းလှခုံမှစစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့၀င်များ ကောလင်းမြို့ အတွင်းသို့ နှစ်ဘက်ညှပ် ၀င်ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်၍ အပြင်းအထန် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များကို မြို့ပြင်သို့ တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့အတွင်း တိုက်ပွဲ၀င်နေသည့် တော်လှန် ရေးတပ်ဖွဲ့များက စစ်ကောင်စီမှ ဝါဒဖြန့်နေသည်များကို မယုံကြဘဲ အမှန်တကယ်တိုက်ပွဲ၀င်နေသည့် မြေပြင်သတင်း အခြေအနေကိုသာ စောင့်ကြည့်နားထောင် ကြရန်နှင့် လက်ရှိတွင် သတင်းရရှိခြင်း မရှိသေးသလို သတင်းပေးထားခြင်းလည်း မရှိကြောင်း Kawlin Revolution-KR က အသိပေးထားသည်။

ကောလင်းမြို့ကို ကာကွယ်ရေးတပ်များမှ ကာကွယ်ရန် ကြိုးစားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ ခန့်တွင် ကောလင်းမြို့ ကျော်ဇေယျာ တောင်ပိုင်းကို စတင် မီးရှို့နေကြောင်း KR က ဆိုထားသည်။

ကောလင်းမြို့ကို စစ်ကောင်စီက အင်အား ၁၀၀၀ နီး ပါးသုံး၍ ထိုးစစ်ဆင် တိုက်ခိုက် နေချိန်တွင် ကန့်ဘလူ နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များကလည်း ကောလင်း တိုက်ပွဲကို ကူညီသည့်အနေဖြင့် ဒေသတွင်းရှိသည့် စစ်ကောင်စီတပ်ဖွဲ့၀င်စခန်းများကို အပြင်း အထန်ထိုးစစ်ဆင် ၀င်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့က ကန့်ဘလူနှင့် ချပ်သင်းဘေးမဲ့တောကြားရှိ စစ်ကောင်စီတပ်စခန်းများကို ကန့်ဘလူကာကွယ်ရေးတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်း အသုံးပြု၍ပါ အပြင်းအထန် ကာကွယ်ခဲ့ရပြီး စစ်ကူလာရောက်သည့် ရဟတ်ယာဉ် ကိုလည်း ပစ်ချခဲ့ရာ စက်ချို့ယွင်း၍ အလျင်အမြန်ဆင်းပြေးသွား ရကြောင်း ကျွန်းလှတပ်ဖွဲ့ထံက သိရသည်။

ယနေ့ဆိုလျှင် ကောလင်းမြို့တိုက်ပွဲမှာ ၇ ရက်မြောက် ပြီဖြစ်ပြီး မြို့ကိုတော်လှန်ရေး တပ်များက ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

ပုံစာ-ဖေဖော်ဝါရီ ၈ ရက်နေ့ ကောလင်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ သိမ်းဆည်း ရရှိခဲ့သည့် လက်နက်ခဲယမ်းများ
#စစ်ကိုင်း #ကောလင်းမြို့တိုက်ပွဲ #စစ်ကောင်စီတပ် #ပြန်ဆုတ်ခွာ #ထွက်ပြေး #PDF #လက်နက်များရရှိ #Ayeyarwaddy_Times