ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့တွင် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာမှ တောင်သူများထံ သို့ ဆောင်းစပါးစိုက်ပျိုးရေးချေးငွေများကို အတင်းအကျပ်တောင်းခံနေကြောင်း ဒေသခံတောင်သူများထံက သိရသည်။

ကျုံပျော်မြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးကြည်လွင်ဆိုသူမှ ဆောင်းစိုက်ပျိုးရေး ချေးငွေကျပ် သိန်း ၃၀၀ ထက်မနည်းကို ဒေသခံများထံမှ ပြီးခဲ့သည့်ဖေဖော်ဝါရီလ၅ရက်မှ ၁၅ရက်နေ့အတွင်း ပေးဆပ်ရန် ဖိအားပေး တောင်းခံနေကြောင်း ဒေသခံတောင်သူများထံကသိရသည်။

“ ဆောင်းသီးနှံ တွေကအခုမှ ရိတ်ဖို့လုပ်နေတုန်းပဲရှိသေးတယ်။ နွေစပါးတွေတောင်မှ အခုစရင့်နေတာ။ အဲတာကို ချေးငွေပြန်တောင်းနေတာ။ ကျွန်တော်က ချေးငွေနည်းတော့ ပြန်ပေးလိုက်တယ်။ နဲနဲလိုက်ချေးရတာလည်း ပါတယ်ပေါ့။ အချို့ဆို အခုမှရောင်းချတုန်း လုပ်နေတာဆိုတော့ မပြေကြဘူး”ဟု သရက်ပင်လှကျေးရွာမှ တောင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထိုချေးငွေများရရှိရန် ဘဏ်မန်နေဂျာဖြစ်သူမှ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ပျူစောထီး(ပြည်သူ့စစ်) များမှတဆင့် တောင်းခံနေခြင်းဖြစ်ကာ ချေးငွေမပေးဆပ်နိုင်သူများအား တရားစွဲဆိုရန် စာရင်းပေးခိုင်း နေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ထံကသိရသည်။

“ စိုက်ချေးငွေတောင်းဖို့ကို မြို့နယ်စိုက်ဘဏ်မန်နေဂျာက စာပို့တောင်းတယ်။ ချေးငွေပြန်မပေးနိုင်တဲ့ သူတွေကျတော့စာရင်းမှတ်ခိုင်းထားတယ်။တရားစွဲဖို့စာရင်းတောင်းတဲ့သဘောပေါ့။ တချို့ရွာတွေကတော့ ပြည်သူ့စစ်တွေပါခေါ်ပြီး အတင်းလိုက်တောင်းနေတယ်။ ကျွန်တော်တို့ရွာမှာတော့ အဲ့လိုမလုပ်သေးဘူး။ဒီအချိန်ကဘယ်လိုလုပ်ပြီးပေးနိုင်မှာလဲ။ အခုမှမဟုတ်ဘူး မနှစ်က ဒီဇင်ဘာလတုန်းကလည်း အခုလိုမျိုး မိုးစပါးချေးငွေ အတင်းတောင်းတာလုပ်ခိုင်းသေးတယ်”ဟု ရေကျော်ကျေးရွာ အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်NLD ပါတီအစိုးရလက်ထက် ၂၀၂၀ခု နှစ် မိုးစပါးချေးငွေ ၊ဆောင်းသီးနှံချေးငွေနှင့် ကိုဗစ်ချေးငွေများကို ဒေသခံတောင်သူများအနေဖြင့် ဖေဖော်ဝါရီလ ၇ ရက်မှ ဖေဖော်ဝါရီ၁၄ရက်နေ့အထိ ပြန်လည်ပေးဆပ်ရန်နှင့် မပေးဆပ်နိုင်ပါက တရားစွဲဆိုမည်ဟု ဘဏ်မန်နေဂျာက စာပို့ထားကြောင်း ဒေသခံတောင်သူများထံက သိရသည်။

#ကျုံပျော်မြို့ #မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်
#ဘဏ်မန်နေဂျာ #တောင်သူများ #ဆောင်းစပါးစိုက်ပျိုးရေးချေးငွေ #Ayeyarwaddy_Times