နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်ရင်း တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက် သိမ်းပိုက်ထားပြီး ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းများတွင် စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲ၍ မြို့ကိုဖျက်ဆီး နေကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ် စစ်ကူလာနိုင်သော အဓိကကျသည့် ချောင်းကြား တံတား ၊ စစ်တောင်းမြစ်ကူးတံတား(မြို့စိုး ) တံတား နှစ်စင်းနဲ့ မြို့ဝင်ဂိတ်စခန်းများကို ဖျက်ဆီးထားကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များက မြို့နယ်အတွင်းတွင် တိုက်ပွဲကြောင့် စစ်ရှောင်ရွှေပြောင်းနေရသူများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးပြီး စစ်ဘေးရှောင် နေရာများကို ပို့ကြိုလုပ်ပေးနေကြောင်းသိရသည်။

“အခု တိုက်ပွဲက ပိုပြီးပြင်းထန်နေတယ်။ စစ်တပ်က မနက်ကကော အခုကော လေယာဉ်နဲ့ ဗုံးကြဲပြီး မြို့ကိုဖျက်ဆီးနေတယ်။ စစ်ကောင်စီတပ် စစ်ကူလာနိုင်မဲ့ လမ်းကြောင်းတွေကိုတော့ ဖြတ်တောက်ထားတယ်။ မြို့အဝင် မြို့အထွက်ဂိတ်စခန်း တွေနဲ့ အဓိက စစ်ကူလာနိုင်တဲ့တံတားတွေပါဖျက်ဆီးထားတယ်။ ” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်၍ မြို့ကိုဖျက်ဆီးနေပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း မြေပြင်တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။

အဆိုပါတိုက်ပွဲကို KNLA ၊ BPLA၊ တော်ဝင်ဒေါင်း ၊ အာဠာဝက၊ Spring Warrior နှင့် ဧရာဝတီ အမှတ် (၃)တပ်ရင်းတို့မှ ပူးပေါင်းဆင်နွဲနေခြင်းဖြစ်ကြောင်း မြေပြင် တော်လှန်ရေး တပ်ဖွဲ့ဝင်ထံက သိရသည်။

ပုံစာ- စစ်ကောင်စီက လေယာဉ်ဗုံးကြဲ၍ မြို့ကိုဖျက်ဆီး ထားစဉ်
ပုံစာ- စစ်ဘေးရှောင်ဒေသခံတွေကိုကူညီပြောင်းရွှေ့ပေးနေစဉ်
#ထန်းတပင်မြို့နယ် #ဇရပ်ကြီးမြို့ #စစ်ကောင်စီတပ်စခန်းများ #သိမ်းပိုက် #စစ်ကောင်စီ #လေယာဉ်ဗုံးကြဲ #မြို့ကိုဖျက်ဆီး #Ayeyarwaddy_times