မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သပြေခင်ကျေးရွာသို့ စစ်ကြောင်းထိုး၀င်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက ဖြူးမြို့နယ်၊ စက်ကုန်း‌ကျေးရွာမှ သပြေခင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ နှင့် တော်လှန် ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများပြားကြောင်း ရိုးမ-၁ အာဠာ၀က စစ်ကြောင်းထံက သိရသည်။

“လက်နက်ချဖို့ပြေးလာတဲ့ လူတွေကို နောက်ကလိုက် ပစ်သတ်တာ။ သုံး ယောက်ပဲ ရောက်လာတယ်။ ရဲနဲ့ တပ်သားတွေ” ဟု ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှုများပြားသည့်အတွက် လက်နက်ချ အညံ့ခံရန် ကြိုးစားသည့် တပ်ဖွဲ့၀င်များကို စစ်တပ်အရာရှိများက နောက်မှလိုက်၍ ပစ်ခတ်သတ်ဖြတ်သဖြင့် ရိုးမ-၁ အာဠာ၀က စစ်ကြောင်းထံသို့ စစ်ကောင်စီတပ်ဖွဲ့၀င် သုံးဦးသာ လက်နက်ချ၀င်ရောက်လာနိုင်ကြောင်း သိရသည်။

ထိုသို့ လက်နက်ချ အလင်း ၀င်လာသူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဥပေဒများနှင့် အညီ ထိန်းသိမ်း ထားရှိထားကြောင်း သိရသည်။

အင်အား ၂၅၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ၆၀ ကျော် ထိခိုက်သေဆုံးခဲ့ပြီး စပ်ကုန်းရွာအတွင်းသို့ ပြန်လည်ဆုတ် ခွာထွက် ပြေးသွားကြောင်း ရိုးမ-၁ အာဠာ၀ကစစ်ကြောင်းက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးသည်နှင့် ပတ်သက်၍ ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ပုံစာ- ဖေဖော်ဝါရီ ၆ ရက်နေ့က စစ်ကောင်စီတပ်သားများနှင့် ရဲများကို PDF အဖွဲ့များမှ ခေါ်ဆောင်နေစဉ်နှင့် အလင်း၀င်လာသည့် ရဲတပ်သားနှင့် စစ်ကောင်စီတပ်သား
#ပဲခူး #ဖြူး #သပြေခင် #ရိုးမ၁အာဠာ၀ကစစ်ကြောင်း #PDF #စစ်ကောင်စီတပ်သား #ရဲတပ်ဖွဲ့ဝင် #လက်နက်ချ #လိုက်လံပစ်သတ် #Ayeyarwaddy_Times