
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်ကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA)နှင့် မဟာမိတ်အဖွဲ့တို့က တိုက်ခိုက်ထိန်းချုပ်လိုက်ပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့သည် နေ့စဉ်လိုလို ပအိုဝ်း ဘုန်းကြီးကျောင်းများနှင့် ရွာများကို လက်နက်ကြီး၊ လေယာဉ်များဖြင့် ပစ်ခတ်ဖျက်ဆီးနေကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီသည် ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသည့် မြို့၊ ရွာများကို အလုံးစုံဖျက်စီးပစ်ရေး သဘောထားဖြင့် ဖျက်ဆီးနေခြင်းဖြစ်သည်ဟု PNLA က ထုတ်ပြန်ပြောဆိုထားပြီး ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက် နံနက်နက် ၈ နာရီ ခန့်ကလည်း ဆီဆိုင်မြို့နှင့် ၇ မိုင်အကွာရှိ ထီတမောင်းဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါနေရာတွင် PNLA နှင့် မဟာမိတ်အဖွဲ့များ တည်ရှိနေခြင်းမရှိသလို တိုက်ပွဲ ဖြစ်ပွားသည့် နေရာမဟုတ်ဟု သိရှိရပြီး စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ဇရပ်နှင့် ဓမ္မာရုံအဆောက်အဦး ပျက်စီးခဲ့ကာ ယခုကဲ့သို့ပစ်ခတ်မှုမျိုးကို အမြဲလိုလို လုပ်ဆောင်လေ့ရှိကြောင်း ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

အလားတူ ယမန်နေ့၌ပင် စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့အရှေ့ဘက်ရှိ ကျေးရွာ တစ်ရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့ကြောင်း PNLA ၏ ယနေ့ ဖေဖော်ဝါရီ ၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲမှုကြောင့် ဆီဆိုင်မြို့အတွင်းရှိ ဟိုခဲဘုန်းကြီးကျောင်း၊ မြို့ဂုဏ်ဆောင် ဇဝနာရာမ ပရိယတ္တိ စာသင်တိုက်ကြီးအပါအဝင် ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်းနှင့် ဒေသခံများ၏ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်
များကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် ပအိုဝ်းတို့ အထွဋ် အမြတ်ထားရာ ဘာသာရေးအဆောက်အဦးများကို တမင်သက်သက် ဖျက်ဆီး နေသည်မှာ ထင်ရှားလျက်ရှိပြီး ၎င်းတို့အတွက် ကိုးကွယ်ရာ ဘာသာဟူ၍မရှိဘဲ စစ်အာဏာရှင်ကိုသာ ကိုးကွယ်နေသူများ ဖြစ်သည်ကို ပြသလျက်ရှိကြောင်း PNLA ဆိုသည်။
စစ်ကောင်စီတပ်၊ ၎င်းလက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)နှင့် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ မဟာ မိတ်အဖွဲ့တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအထိ ဆီဆိုင်မြို့ကို PNLA က ထိန်းချုပ်ထားနိုင်ဆဲဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ပွဲ ဖြစ်ပွားသည့်နေ့မှ ဖေဖော်ဝါရီ ၃ ရက်အထိ နှစ်ပတ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး (၈၉)ကြိမ်၊ လေယာဉ်များဖြင့် (၂၄၇)ကြိမ် ပစ်ခတ်ဗုံးကြဲခဲ့သဖြင့် ဒေသခံပြည်သူ စုစုပေါင်း ၆၃,၃၈၁ ဦး စစ်ဘေး ရှောင်နေရပြီး အရပ်သား ထိခိုက်ဒဏ်ရာရမှု ရှစ်ဦး၊ သေဆုံးသူလေးဦးနှင့် ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ နေအိမ်အပါအဝင် စုစုပေါင်း ၇၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO)ထံ က သိရသည်။
ဓာတ်ပုံ-PNLA
#ဆီဆိုင်မြို့ #ပအိုဝ်းဘုန်းကြီးကျောင်းများ #ကျေးရွာများ #စစ်ကောင်စီတပ် #ပစ်ခတ်ဖျက်ဆီး #Ayeyarwaddy_Times