နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းသို့ ဝင်ရောက်လာသည့်  စစ်ကောင်စီတပ်မှ စစ်ကားကိုးစီးသည် မြဝတီမြို့မှနေ၍  စစ်ကူရန် ကော့ကရိတ်မြို့သို့   ပြန်လည်ထွက်ခွာသွားကြောင်း  ဒေသခံများထံက သိရသည်။
 မြဝတီ မြို့အတွင်းသို့ ဝင်ရောက်လာသည့်  စစ်ကောင်စီတပ် စစ်ကား ကိုးစီးသည် ကော့ကရိတ်မြို့ကို စစ်ကူရန်အတွက် ပြန်လည်ထွက်သွားခြင်းဖြစ်ပြီး ကော့ကရိတ်မြို့ရှိ စစ်ကောင်စီစစ်ကြောင်းများနှင့် သွားရောက်ပူးပေါင်းမည် ဖြစ်ကြောင်းသိရသည်။
“စစ်ကူ တက်လာတယ်ဆိုတာ ကြိုပြီးသတင်းရပါတယ်။ မြေပြင်ကတော့ ကြိုက်သလောက်လာခဲ့ပါ။ ကြိုဆိုနေပါတယ်။  လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာလောက်ပဲ လုပ်နိုင်တော့တဲ့အခြေနေဖြစ်နေပြီး လာသမျှကို မုန့်ဟင်းခါးချက်ပြီးစောင့်နေကြပါတယ်” ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီသည် ကော့ကရိတ်မြိုနယ်အတွင်းရှိ ကျေးရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊  လေကြောင်းကနေ၍ လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းများ  လုပ်ဆောင်နေပြီး  ထိခိုက်သေဆုံးသည့် ဒေသခံအချို့ ရှိကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
အင်အားချိ့နဲ့လာသော စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့ညပိုင်းကကော့ကရိတ်မြို့ အမှတ် (၅) ရပ်ကွက်ရှိ ဒေသခံနေအိမ်အလုံး ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ကောကရိတ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြားထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကော့ကရိတ်မြို့ပေါ်ရှိ လူနေအိမ် အလုံး ၂၀၀ ကျော်အထိ မီးရှို့ဖျက်ဆီး ထားကြောင်းသိရသည်။
ပုံစာ-မြ၀တီတွင် တွေ့ရသည့် စစ်ကောင်စီတပ် ယာဥ်တန်း
#သာမည​ #မြဝတီ #စစ်ကောင်စီတပ်ကားများ #ကော့ကရိတ် #ထွက်ခွာ  #Ayeyarwaddy_Times