
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်အတွင်းတွင် စစ်ဘေးရှောင်နေသည့် ကိုယ်၀န်သည် တစ်ဦးနှင့် သုံးနှစ်အရွယ်ကလေးအပါအ၀င် ကလေးငယ်သုံးဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ခြောက် ဦးတို့ကို စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ကိုယ်၀န်ဆောင် မိခင်တစ်ဦးအပါအ၀င် အမျိုးသမီးသုံးဦးနှင့် ကလေးငယ် သုံးဦးအလောင်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းတွင် ကရင်နီတပ်မတော် KA နှင့် KNDF တပ်ဖွဲ့တို့က တွေ့ရှိခဲ့ပြီး သေဆုံးသူများသည် စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီးနောက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။
မိုင်းပြင်းမြို့နယ်အခြေစိုက် ခလရ-၂၄၉ တပ်ရင်းမှ ရှားတောသို့ ရဟတ်ယာဉ် သုံးစီးဖြင့် ဖေဖော်ဝါရီ ၅ ရက်နေ့က စစ်ကူအင်အား ၆၀ ကျော်ပို့ဆောင်ခဲ့ရာ ကရင်နီတပ်မတော် (KA) နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့များက ကြား ဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သားများ အဖွဲ့ကွဲသွားပြီး စစ်ရှောင်ပြည်သူများ ပုန်းအောင်းနေသည့် နေရာသို့ရောက်ရှိသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခလရ ၂၄၉ မှ စစ်ကောင်စီတပ်ဖွဲ့၀င်များ သည် စစ်ရှောင်နေသည့် အသက် ၁၀ နှစ်အောက် ကလေးငယ်သုံးဦး၊ ကိုယ်၀န်ဆောင်အမျိုးသမီးတစ်ဦးနှင့် အသက်ကြီးပိုင်း အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး စုစုပေါင်း ခုနစ်ဦးတို့ကို ဓားစာခံအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“ရှားတောမှာ ရေရှိတဲ့နေရာလေးတွေမှာ စစ်ရှောင်တွေက ခိုပြီးနေကြတာ။ အဲဒါကို စစ်တပ်က တွေ့တော့ ဓား စာခံအဖြစ်ဖမ်းသွားတယ်။ ကလေးသုံးဦးနဲ့ အမျိုး သမီး သုံးဦးကို နှိပ်စက်ပြီးသတ်ထားတာတွေ့တယ်။ အမျိုးသားတစ်ဦးကတော့ လက်ပြန်ကြိုး တုပ်ထားရက်နဲ့ ထွက်ပြေးလွတ်မြောက်လာတယ်”ဟု ကရင်နီ စစ်ရေးသတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ခလရ-၂၄၉ မှ စစ်ကောင်စီတပ်သားများသည် ဖမ်းဆီးလာသူများကို နှိပ်စက်ပြီးနောက် အကုန်လုံးကို ပစ်သတ်ရန် တပ်ရင်းမှူးက ခိုင်းစေခြင်းဖြစ်ကြောင်း ထွက်ပြေးလာသူ၏ ပြောပြချက်အရ သိရသည်ဟုဆိုသည်။
သေဆုံးသူကိုယ်၀န်သည် အမျိုးသမီး၏ မျက်နှာတွင် ထိုးကြိတ်ရိုက်နှက်ခံထားရသည့် ဖူးယောင်ညိုမဲဒဏ်ရာများနှင့် သေဆုံးနေပြီး ကျန်သက်ကြီးပိုင်းအမျိုး သမီးနှစ်ဦးမှာ လည်း လည်ပင်းနှင့်ရင်ဘတ်တွင် ညိုမဲစွဲဒဏ်ရာများ သေနတ်ဒဏ်ရာများဖြင့် သေဆုံး နေပြီး ကလေးငယ်သုံးဦးကိုလည်း ခေါင်းနှင့်ရင်ဘတ်များကို သေနတ်ဖြင့်တေ့၍ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
ပစ်ခတ်သတ်ဖြတ်ခံရသူများမှာ ရှားတောမြို့နယ်တွင် နေထိုင်သူများဖြစ်ကြပြီး သားအမိ ဖြစ်သူနှင့် မြေးဘွားတစ်စုတို့ဖြစ်ကြောင်း သိရသည်။
“ဒီကလေးတွေနဲ့ အမေကို ဘယ်လိုလုပ် လုပ်ရက်တာလဲ။ ပြောစရာစကား တောင်မရှိဘူး။ ဟိုရက်လည်း ကလေး လေး ယောက်။ မင်းတို့ကလေးတွေ သားသမီးတွေ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံရပါစေနဲ့” ဟု KNDF ၏ဒုတိယစ်ဦးစီးချုပ်ဖြစ်သူ မာဝီက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
#ကရင်နီ #ရှားတော #စစ်ဘေးရှောင်ပြည်သူ #ကိုယ်၀န်ဆောင် #ကလေးငယ် #သက်ကြီးပိုင်း #စစ်ကောင်စီ #ခလရ ၂၄၉ #သတ်ဖြတ် #Ayeyarwaddy_Times