
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
ရက္ခိုင့်တပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် ရခိုင်မြောက်ခြမ်း တွင်သာမက ရခိုင်တောင်ခြမ်းသို့ပါ ရောက်ရှိလာသည့်အတွက် ကျောက်ဖြူရှိ ဓည၀တီရေတပ် ဌာနချုပ်စခန်းအတွင်းမှ စစ်ကောင်စီအရာရှိမိသားစု၀င်များကို သံတွဲမြို့သို့ ပြောင်းရွှေ့မှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့မှစ၍ ဓည၀တီရေတပ် စခန်းဌာနအတွင်းမှ အရာရှိ မိသားစုများကို သင်္ဘောဖြင့်တင်၍ သံတွဲမြို့ဘက်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။
ရက္ခိုင့်တပ်တော် (AA) သည် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျောက်ဖြူမြို့နယ် သစ်ပုတ်တောင်ရှိ ဓည၀တီ ရေတပ် ဌာနချုပ် အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။
“ဓည၀တီရေတပ်စခန်းဌာနချုပ်မှာရှိတဲ့ အကြီးပိုင်းမိသားစုတွေ ပြောင်းရွှေ့သွားပြီ။ ဒီနေ့လည်း သင်္ဘော ငယ်တွေနဲ့ ထပ်ပြောင်းတယ်။ ကျောက်ဖြူမြို့ ရမ်းဗြဲ ကြားက ရခိုင်မှာ အကြီးမားဆုံးရေတပ်စခန်းကြီးပါ။ ပြီးတော့ အဲဒီနားက တောင်မော်ကြီး ရေတပ်စခန်းလည်း ရုံခါကာနီးပြီလို့ ကြားတယ်။ မြို့တော်စစ်တွေက လူကြီးစီးကားတွေ ရန်ကုန်ကို သင်္ဘောစီးသွားကြပြီ” ဟု ကျောက်ဖြူမြို့ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရခိုင်ရှိ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ဓည၀တီရေ တပ်ဌာနချုပ်အတွင်းသို့ AAက ဒုတိယအကြိမ်မြောက်အဖြစ် ဇန်နဝါရီ ၂၂ ရက်နေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေး လုံးသည်ဌာနချုပ်အတွင်းရှိ အမှတ် (၁၃) လက်နက်ခဲယမ်း တိုက်အတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်းသိရသည်။
ထိုသို့တိုက်ခိုက်ခံရ၍ ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ရေတပ်ဌာနချုပ်မှူးဖြစ်သူ ဗိုလ်မှူးချုပ် သက်လွင်ထွန်းမှာ အုန်းဂျိန်တပ်စခန်းဘက်သို့ ထွက်ပြေး သွားကြောင်း ရေတပ်ဌာနချုပ်နှင့်နီးစပ်သည့် တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။
“သံတွဲဘက်ကို တပ်မိသားစုတွေပြောင်းလာတာ မှန်ပါတယ်။ ရေတပ်ကလား ဘယ်တပ် ကလည်းတော့ ခွဲခြားမသိဘူး။ အဲဒီထဲက အချို့တပ်မိသားစု၀င်တွေက သံတွဲခရိုင် ကျိန္တတလီမြို့ဘက်ကို ရှောင်လာတာတွေရှိတယ်။ တပ်တော်က ဖေဖော်ရီပထမပတ် ထဲမှာပဲ နေဗီသုံးစီးကို မြုပ်ပလိုက်တော့ ရေတပ်ကဖျားသွားပုံရ တယ်။ လည်တာတော့ လည်တယ် အရာရှိမိသားစုတွေကို အရင်ရွှေ့နေတယ်” ဟု သံတွဲမြို့နေ အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရက္ခိုင့်တပ်တော် (AA) ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နှစ်လအတွင်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့ပေါင်း ၇ မြို့ကို သိမ်းပိုက်နိုင်ခဲ့သည့်အပြင် ရေတပ်ဌာန ချုပ်သို့ပါ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြိမ်းခြောက်နိုင်ခဲ့သည့် ရေတပ်ဌာနချုပ်အတွင်းရှိ အရာရှိများက ၎င်းတို့မိသားစု၀င်များကို ယခုကဲ့သို့ အလျင်အမြန်ရွှေ့ ပြောင်းပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ပုံစာ-စစ်တွေ မေယုမီးပြတိုက်အနီးရှိ စစ်ကောင်စီ Navy များ
#ရခိုင် #ကျောက်ဖြူ #ဓည၀တီ #ရေတပ်စခန်း #အရာရှိမိသားစုများ #ရွှေ့ပြောင်း #Ayeyarwaddy_Times