
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
လျှပ်စစ်မီး လုံလောက်စွာပေးနိုင်ခြင်းမရှိသည့် စစ်ကောင်စီက EV လျှပ်စစ်ကား (လျှပ်စစ်သုံးယာဉ်) နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယခု ဖေဖော်ဝါရီလတွင် ကုမ္ပဏီပေါင်း ၈၀ ကျော်ကို ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီ၏ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီထံက သိရသည်။
အဆိုပါကော်မတီက ခွင့်ပြုခဲ့သည့် ကုမ္ပဏီ ၈၁ ခုအနက် ဖေဖော်ဝါရီ ၁ ရက်နေ့မှ စတင်ပြီး EV ကား Brand Showroom ဖွင့်လှစ်ထားပြီး သတ်မှတ်ချက်နှင့် ကိုက်ညီ မှုရှိသော ကုမ္ပဏီများကိုသာ သွင်းကုန်လိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း ဆိုထားသည်။
စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်တွင် ကုမ္ပဏီ ၃၀ ကို EV မော်တော်ယာဉ် တင်သွင်းခွင့် ပြုထားသဖြင့် ယခုနှစ်တွင် ကုမ္ပဏီ ၅၀ ကျော်ခွင့် ပြုချက်ရရှိခြင်းဖြစ်သည်။
“ စိတ်ဝင်စားတဲ့သူတွေတော့ ရှိတာပေါ့။ လမ်းပေါ်မှာ EV ကားတွေ တွေ့နေရတာပဲ။ မြန်မာပြည်ဝင်တဲ့ ကားတွေထဲက တရုတ်ကပဲများတော့ quality(အရည်အသွေး) စိတ်ချ ရဖို့ခက်တယ်။ နောက်ပြီးတော့ သွင်းခွင့်ရတာက limited (အကန့်အသတ်) ရှိတယ်။ ဒီမှာတော့ စသွင်းတာဖြစ်တဲ့ BYD ကိုလူကြိုက်များတာတွေ့တယ်။ ဒါပေမဲ့ ဆီကားတွေ လောက်ကိုလျှပ်စစ်ကားက အလုပ်မဖြစ်ပါဘူး”ဟု မော်တော်ယာဉ်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် လျှပ်စစ်ကားများ၏ အဓိကစွမ်းဆောင်ရည်သည် ဘတ္တရီအမျိုးအစားဖြစ်ပြီး ကားပျက်ပါက ကားသေချာပြင်ဆင်နိုင်မည့် ကားပြင်စက်ရုံများမရှိသေးသလို ကားအပို ပစ္စည်းနှင့် ဝန်ဆောင်မှုပေးနိုင်သည့် ကားကုမ္ပဏီများနည်းပါးသည့်အပြင် Warranty အပြည့် ပေးနိုင်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိအဝေးပြေးယာဉ်လိုင်းတွင် ပြေးဆွဲနေသည့် Mandalar Minn Express trading and Transportaion ကုမ္ပဏီ နှင့် Yar Zar Min Industry ကုမ္ပဏီ နှစ်ခုသည် E – bus ပြေးဆွဲခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှုပေးနေသော Yangon Aerodrome နှင့် Pioneer Aerodrome ကုမ္ပဏီတို့သည် EV Charging Station သီးသန့်ဆောင်ရွက်မည့်ဖြစ်ပြီး မော်တော်ယာဉ် အငှားဝန် ဆောင်မှုလုပ်ငန်း Yaung Ni Oo Automobile နှင့် မော်တော်ယာဉ်အရောင်းပြခန်း Super Seven Stars Automobile ကုမ္ပဏီများပါဝင်ကြောင်းသိရသည်။
“EV ကားတွေက အားသွင်းသည့်နေရာ (Charging Station) မှာသွင်းတာပဲ ကောင်း တယ်။ ရိုးရိုးအိမ်သုံးမီတာမရဘူး။ ပါဝါမီတာလောက်ဆိုရတယ်။ ဒါပေမဲ့သတိထားရ မှာတွေရှိတယ်။ ဓာတ်အား အဝင်ကြာမယ်။ ဘတ္တရီတစ်ခုခုဖြစ်သွားရင်သွားပြီပဲ” ဟု မော်တော်ယာဉ် လုပ်ငန်းလုပ်သူက ဆိုသည်။
လက်ရှိတွင် EV ကားများကို တစ်နှစ်ကျော်ကြာ Per Order မှာထားပြီး ကားမရ သေးသူများ၊ ကားရောက်လာသော်လည်း ဈေးပိုပေးသည့် ဝယ်သူ အသစ်များ ထံရောင်းချခြင်းများလည်း ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားကို အကန့်အသတ်ဖြင့်သာ ရရှိနေသော်လည်း ပြည်ပမှအဓိက တင်သွင်း နေရသည့် စက်သုံးဆီ လောင်စာ လျော့ချသုံးစွဲနိုင်ရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့နည်းစေရန် အတွက် လျှပ်စစ်မော်တော်ယာဉ်သုံးစွဲရန် စစ်ခေါင်းဆောင်က စေခိုင်းလျက်ရှိသည်။
လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် ကားမရှိ ဘဲ Pre Order နှင့်ကြိုတင်ရောင်းချခြင်းမပြုရန် ပြန်လည်ရောင်းချရာတွင် CIF တန်ဖိုး အပေါ် အမြတ် ၂၀ ရာခိုင်နှုန်းထက်ပိုမရောင်းရန် စစ်ကောင်စီက ထုတ်ပြန် ထားသည်။
အဆိုပါကုမ္ပဏီများထဲတွင် ၂၀၂၃ ခုနှစ်မှစတင်ကာ EV ကားတင်သွင်းရထားသည့် Asia Pacific Automaker Corporation က တရုတ်နိုင်ငံထုတ် Dongfeng အမျိုးအစားနှင့် Earth Renewable Energy က BYD အမျိုး အစားကိုတင်သွင်းလျက် ရှိကြောင်း သိရသည်။
လက်ရှိတင်သွင်းထားသည့် EV မော်မော်တော်ယာဉ် အမျိုးအစားအစုံ အစီးရေ ၇၀၀ မှ ၈၀၀ ကြားရှိနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးစီးဌာနထံက သိရသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းက ရန်ကုန်တွင် နေအိမ်၌ လျှပ်စစ်အားသွင်းထားသည့် EV ကားနှစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#EVကား #တင်သွင်းခွင့်လုပ်ငန်းလိုင်စင် #စစ်ကောင်စီတိုးပေး #ကုမ္ပဏီအသစ်၅၀ကျော် #Ayeyarwaddy_Times