မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူစောထီးရွာတွင် PDF ရဲဘော်နှစ်ဦးကို ဖမ်းဆီးနှိပ်စက်သံ ကြိုးတုပ်၍ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သည့် လုပ်ရပ်တွင် စစ်ကောင်စီက ၎င်းတို့ပတ်သက်ခြင်းမရှိ ကြောင်း ထုတ်ပြန်ထားသည်။

မြောက်ခင်ရန်းတိုက်ပွဲတွင် အရှင်ဖမ်းဆီးမိခဲ့သူမရှိသလို ရက်ရက်စက်စက် သတ်ဖြတ် ခံရသူနှစ်ဦးမှာ PDF များဖြစ်ပြီး ၎င်းတို့အချင်းချင်းစိတ်သဘောထား မတိုက်ဆိုင်၍ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်ကို ရပ်ရွာကာကွယ်ရေးအဖွဲ့၀င်များက လုပ်ဆောင်ခဲ့သလိုမျိုး လုပ်ကြံဖန်တီးရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုဖြစ်ကြောင်း စစ်ကောင်စီ၏ပြန်ကြား ရေး၀န်ကြီးဌာနက ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီ၏ပြန်ကြားရေး၀န်ကြီးဌာနက ပျူစောထီးဆိုသည့်အဖွဲ့အစည်းကို ဖွဲ့စည်းထားခြင်းပင် မရှိကြောင်း ပြောင်ပြောင်တင်းတင်းပင် ငြင်းဆို ထားသည်။

စစ်ကောင်စီက ထိုသို့ လူမဆန်စွာသတ်ဖြတ်သည့် လုပ်ရပ်တွင် ၎င်းတို့ပါ ၀င် ပတ်သက်ခြင်းမရှိဟုဆိုသော်လည်း ရုပ်သံဖိုင်ထဲတွင် သတ်ဖြတ်ခံရမည့် ရဲဘော်နှစ်ဦးကို စစ်ကောင်စီ၏ ယူနီဖောင်းလက်နက် အပြည့်အစုံဖြင့် လူတစ်စုက နှိပ်စက်ရိုက်နှက် စစ် မေးနေသည်ကို တွေ့ရသည်။

စစ်ကောင်စီက PDF အချင်းချင်းသတ်ဖြတ်ခြင်းဖြစ် သည်ဟု ထုတ်ပြန်ထားသော်လည်း ရုပ်သံဖိုင်ထဲတွင် ရဲဘော်နှစ်ဦးကို PDF တွေ -ီးပဲဟု ဆဲဆိုနေပြီး ၎င်းတို့နေထိုင်သည့် ရွာနာမည်များကိုလည်း မေးမြန်း နေသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် နို၀င်ဘာ ၇ ရက်နေ့က စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများ အခြေစိုက်ထားသည့် မြောက်ခင်ရန်းရွာကို တော်လှန်ရေးတပ်ဖွဲ့များသွားရောက် တိုက်ခိုက်ချိန်တွင် ယော PDF YDF မှ ရဲဘော် ကို‌ဖိုးတေနှင့် ကိုသားထောင်တို့နှစ်ဦး ဖမ်းဆီးခံခဲ့ရကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းက ထုတ်ပြန်ထား သည်။

၎င်းဆို့နှစ်ဦးကို ဖမ်းဆီးပြီး မြောက်ခင်ရန်းရွာရှိ ဆေး ရုံရှေ့ ကုက္ကိုလ်ပင်အောက်တွင် အရှင် လတ်လတ်မီးရှို့ သတ်ဖြတ်ခဲ့ပြီး ထိုဖြစ်စဉ်ကို တစ်အိမ်တစ်ယောက် မထွက်မနေရ လာရောက်ကြည့်ရှုကြရန် ပျူစောထီး အဖွဲ့များက နှိုးဆော်ခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်ရပ်ကို စစ်ကောင်စီနှင့် ၎င်းတို့လက်နက် တပ်ဆင်ပေးထားသည့် ပြည်သူ့စစ်အမည်ခံ နယ်မြေခံပျူစောထီးများက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းရွာမှ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံ ပြည်သူအချို့၏ ၀န်ခံပြောပြချက်အရ သိရကြောင်း တော်လှန်ရေးတပ်ဖွဲ့ထံက သိရသည်။

“အဲဒီနေ့ ညနေပိုင်းလောက်က ဖမ်းမိထားတဲ့ PDF တွေကို ပညာပေးမယ်။ ထွက် ကြည့်ရမယ်ဆိုပြီး တစ်အိမ် တစ်ယောက်ခေါ်ထုတ်တယ်။ ကျွန်မနဲ့ကလေးငယ်ပဲရှိတော့ အဝေးကနေပဲ ကြည့်ခဲ့တယ်။ အသတ်ခံရတဲ့ ကလေးနှစ်ယောက် ညည်းညူသံ ထွက်လာရင် ပျူတွေနဲ့ စစ်တပ်ကလူတွေက ၀မ်းသာအားရအော်ကြတာ။ အဲဒါဖြစ်ပြီး နောက်ပိုင်း ရွာကထွက်ပြေးလာတာပဲ” ဟု မြောက်ခင်ရန်းရွာမှ ထွက်ပြေးလာသည့် အမျိုးသမီး တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီက ထိုမျှရက်စက်၍လူမဆန်သည့်လုပ် ရပ်ကို ၎င်းတို့လုပ်ရပ်မဟုတ်ဟု ငြင်းဆိုမှုပြုခဲ့သလို လူမှုကွန်ရက်တွင် လူသားချင်စာနာစွာ ၀မ်းနည်းသည်ဟု စာ တစ်ကြောင်းမျှ တင်ရုံမျှဖြင့် လိုက်လံစုံစမ်းဖမ်း ဆီးလျက်ရှိပြီး စစ်တပ်ထောက်ခံသည့် ဝါဒဖြန့်ချန်နယ်များတွင်လည်း ဖမ်းဆီးရန် လှုံ့ဆော်လျက်ရှိသည်။

#မကွေး #ဂန့်ဂေါ #မြောက်ခင်ရန်း #အရှင်လတ်လတ်မီးရှို့ #စစ်ကောင်စီ #ငြင်းချက်ထုတ် #၀မ်းနည်းကြောင်းပိုစ့်တင်သူ #ဖမ်းဆီး #Ayeyarwaddy_Times