
ဧရာဝတီတိုင်းမ်
(ချင်း)၊ ဖေဖော်ဝါရီ ၈ ရက်
ချင်းလဲန်းကောင်စီ(Chinland Council)နှင့် ချင်းညီနောင်မှ ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (CNO/CNDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် ZFU(PDF-Zoland)တို့ မကြာခင်တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်းချင်းလဲန်းကောင်စီထံက သိရသည်။
ချင်းလဲန်းကောင်စီကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အတည်ပြုဖွဲ့စည်းခဲ့ပြီး ချင်းလဲန်းကောင်စီက ချင်းပြည်နယ်အစိုးရအဖွဲ့ကို ဝန်ကြီးဌာန ၁၄ ခုဖြင့် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ချင်းလဲန်းကောင်စီအနေဖြင့် ချင်းညီနောင်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် ချင်းပြည်၊ ချင်းလဲန်းဖွဲ့စည်းမှုအခြေခံဥပဒေနှင့်အညီ ချင်းလဲန်းကောင်စီမှ ချမှတ်ထားသော မူဝါဒအတိုင်းတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့က ချင်းလဲန်းကောင်စီအနေနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် စာပေးပို့ထား တာရှိပါတယ်။ အဲ့သလို စာပေးပို့တဲ့နေရာမှာလည်း ကျွန်တော်တို့က ချင်းညီနောင်အဖွဲ့ကို ပို့တာမဟုတ်ပါဘူး။ ချင်းညီနောင်ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(CNO/CNDF)၊ ချင်းကာကွယ် ရေးတပ်ဖွဲ့(မင်းတပ်)၊ ZFU(PDF-Zoland) တွေကို အဲ့ဒီအဖွဲ့သုံးဖွဲ့ကို တစ်ဖွဲ့ချင်းစီ သီးခြားနဲ့ ကျွန်တော်တို့ စာပို့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြားထဲမှာ ဘယ်လောက်အတိုင်းအတာအထိ ညှိနှိုင်းဆောင်ရွက်နိုင်မလဲ ဆိုတာတော့ တွေ့ဆုံဆွေးနွေးတဲ့ ရလဒ်ပေါ်မူတည်ပြီးတဲ့ အချိန်မှပဲ အဖြေရလဒ်ကို သိရမှာဖြစ်ပါတယ်”ဟု ချင်းလဲန်းကောင်စီအတွင်းရေးမှူးဆလိုင်းပေါလ်က ဧရာဝတီ တိုင်းမ်ကို ပြောသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNO/CNDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) နှင့် ZFU(PDF-Zoland)တို့က ယခင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလတွင် ချင်းညီနောင်ကို ဖွဲ့စည်းကြောင်းကြေညာခဲ့ပြီးနောက် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)နှင့် ချင်းကာကွယ် ရေးတပ်ဖွဲ့(ကန်ပက်လက်) တပ်ရင်း ခုနစ် ခုအနက် တပ်ရင်း ငါး ခုသည် ချင်းညီနောင်နှင့်အတူ ပူးပေါင်းပါဝင်လက်တွဲသွားမည်ဖြစ်ကြောင်း ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ချင်းပြည်နယ်သည် တော်လှန်ရေးအင်အားကောင်းမွန်သော ပြည်နယ်ဖြစ်သည်နှင့်အညီ တော်လှန်ရေးအဖွဲ့ အစည်းများလည်း အလွန်များပြားလျက်ရှိပြီး အချို့သော တော်လှန် ရေး အဖွဲ့အစည်းများက အမျိုးသားအဆင့် ရပ်တည်နိုင်ရန်ကြိုးစားမှုများ ရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ချင်းလူမျိုးတွေရဲ့ အခုလိုမျိုးအခွင့်အခါမျိုးမှာ ချင်းလူမျိုးတွေ ကြားထဲမှာ လွတ်လွတ်လပ်လပ်ပြောဆိုညှိနှိုင်းရမယ့် အခင်းအကျင်းမျိုးက ဒီလိုကာလမှပဲ ပထမဦး ဆုံးရတဲ့ အခွင့်အခါဖြစ်တဲ့အချိန်ကျတော့ အမြင်မတူတာတွေရှိမယ်။ နားလည်မှုလွဲတဲ့ အရာလေးတွေရှိမယ်။ အပေးအယူမမျှတာလေးတွေ ကျွန်တော်တို့ကြားထဲမှာရှိမယ်။ အဲ့ဒါတွေကို ညှိနှိုင်းတဲ့ အဖြေရှာတဲ့ နေရာမျိုးမှာတော့ ကျွန်တော်တို့အနေနဲ့ အတတ်နိုင်ဆုံး အကောင်းမွန်ဆုံးအဖြေကို ရှာပြီးတော့မှ အဲ့လိုရှာတဲ့ အချိန်ကာလ တစ်ခုကိုလည်း ပြည်သူလူထုတွေအနေနဲ့ နားလည်သည်းခံပေးဖို့အတွက် ဒီကနေပဲ မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်”ဟု ဆလိုင်းပေါလ်က ဆိုသည်။
ချင်းပြည်နယ်အတွင်းတွင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်း အများအပြား တည်ရှိမှုအပေါ် ချင်းပြည်သူများက စိုးရိမ်မကင်းဖြစ်နေကြပြီး ချင်းလဲန်းကောင်စီနှင့် ချင်းညီနောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမည်အပေါ် ပြည်သူများက ကြိုဆိုထောက်ခံ လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်အနေနဲ့ကတော့ သူတို့ကောင်းကောင်းမွန်မွန်နဲ့ ချင်းလဲန်းကောင်စီရော ဒီဘက်ချင်းညီနောင်သုံးဖော်အဖွဲ့တွေရော သူတို့တွေ့ဆုံပြီးတော့ ဆွေးနွေးအဖြေ ရှာကြတာ ဝမ်းသာကြိုဆိုပါတယ်။ တစ်ခုရှိတာက ဘယ်သူမှ အနိုင်မရှာဘဲနဲ့ အနိုင်ရဖို့ မလုပ်ဘဲနဲ့ အဖြေရဖို့ ဆွေးနွေးစေချင်ပါတယ်”ဟု ချင်ဒေသခံအမျိုးသား ဒေါက်တာ ငိုင်သမ်းမောင်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ချင်းလဲန်းကောင်စီတွင် ကလေး-ကဘော်-ဂန်ဂေါ(KKG)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDM-Siyin)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟွာလ်ငိုးရမ်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဟားခါး)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဇိုဖေ)၊ ချင်းကာကွယ် ရေးတပ်ဖွဲ့(မတူပီ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(လောက်တူ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဇိုတုန်)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်)၊ ချင်းကာကွယ် ရေးတပ်ဖွဲ့(ပလက်ဝ)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(တွန်းဇံ)နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)မှ တပ်ရင်းတချို့တို့ ပါဝင်ကြောင်းသိရသည်။
ပုံစာ-ချင်းလဲန်းကောင်စီမှ ချင်းပြည်နယ်အစိုးရအဖွဲ့ဖွဲ့စည်းပုံနှင့် ချင်းညီနောင်အဖွဲ့ဝင်များ
#ချင်းညီနောင်အဖွဲ့ဝင်များ #ချင်းလဲန်းကောင်စီ #တွေ့ဆုံ #ညီနောင်အဖွဲ့ဝင်အသီးသီး #စာပေးပို့ #Ayeyarwaddy_Times