
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ရက်
နောက်ဆုံးခံစစ်၊ မဆုတ်တမ်းခံစစ်ပြင်ဆင်ထားသည့် ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေရှိ စစ်ကောင်စီအရာရှိများက ၎င်းတို့ပိုင်ဆိုင်သည့်အိမ်စီးကားများကို သင်္ဘောကြီးဖြင့် ရန်ကုန်သို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းက မြို့တော်စစ်တွေရှိ စစ်တပ်အရာရှိများနှင့် ဌာနဆိုင်ရာမှအရာရှိများသည် ၎င်းတို့၏ အိမ်စီးကား ၇၀ခန့်ကို သင်္ဘောကြီးဖြင့်တင်၍ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ပေးခဲ့ရကြောင်း စစ်ကောင်စီအရာရှိများနှင့်နီးစပ်သူတစ်ဦးထံက သိရသည်။
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများ မြို့တော်စစ်တွေသို့ ဦးတည်လာသည့်အတွက် စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် ဌာနဆိုင်ရာမှအရာရှိပိုင်းများက ၎င်းတို့ပိုင်ဆိုင်သည့်ကားများကို ယခုကဲ့သို့ပြောင်းရွှေ့နေကြခြင်းဖြစ်ကြောင်း သိရသည်။
“ရွှေပြားရပ်ကွက်မှာရှိတဲ့ ကိုရီယားဆိပ်ကမ်းကနေ ကားတွေတင်ပေးရတာ။ အကုန်အိမ်စီးကားတွေချည်းပဲ။ အရာရှိတွေရဲ့ကားတွေရော ဌာနဆိုင်ရာ ကားတွေရောပါတယ်။ ဒါက ပထမအသုတ်ပို့တာ။ စစ်တွေ ကညနက ကားတွေပါရွှေ့မယ် ကြားတယ်” ဟု စစ်တွေရှိစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအခြေအနေများပြင်းထန်လာသည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်ကလည်း စစ်တွေရှိ အရပ်ဘက်ဝန်ကြီးများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများ၏ မိသားစုဝင်များ ရန်ကုန်သို့ ကတိုက်ကရိုက် ပြောင်းရွှေ့ခဲ့ကြကြောင်းသိရသည်။
စစ်ကောင်စီက မြို့တော်စစ်တွေကို နောက်ဆုံးခံစစ်အဖြစ် အသုံးပြုရန်စီမံကိန်းဆွဲပြီး ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကွမ်းတောင်၊ အိုင်ဒင်၊ တံပတ်ကျွန်း၊ ပဒေသာရွာနှင့် စစ်တွေရှိ ဝါဘိုကျေးရွာမှ ဒေသခံများကို နှင်ထုတ်ခဲ့ပြီး ကာကင်းစခန်းများ အခိုင်အမာတည်ဆောက်ထားကြောင်း သိရသည်။
စစ်တွေသို့ ရက္ခိုင့်တပ်တော် (AA) ဝင်ရောက်နိုင်သည့် လမ်းကြောင်းများအဖြစ် ကျောက်တော်လမ်းကြောင်းနှင့် ပုဏ္ဏားကျွန်းတို့ရှိရာ လတ်တလောတွင် ကျောက်တော်ရှိ တပ်ရင်း၊တပ်ဖွဲ့အားလုံးနှင့် ကျောက်တော် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) တစ်ခုလုံးကို AA ကသိမ်းပိုက်နိုင်ခဲ့သည်။
ပုဏ္ဏားကျွန်းတွင်လည်း ခြေမြန်တပ်ရင်း ခမရ-၅၅၀ တစ်ခုသာ ကျန်ရှိတော့ရာ စစ်ရှိန်သည် စစ်တွေသို့ အနှေးနှင့်အမြန် ရောက်လာတော့မည်ဖြစ်သည့်အတွက် စစ်တပ်အရာရှိများ ယခုကဲ့သို့ ပိုင်ဆိုင်မှုများရွှေ့ပြောင်းနေကြကြောင်း သိရသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် AAက ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ မင်းပြား၊ တောင်ပြိုလက်ဝဲနှင့် ကျောက်တော်မြို့များကို တိုက်ခိုက်ထိန်းချုပ်ထားပြီး ရမ်းဗြဲ၊ မြောက်ဦးနှင့် မောင်တောမြို့များကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- Narinjara
ပုံစာ- စစ်တွေမှ ကားများကို ရန်ကုန်သို့ရွှေ့ပြောင်းပေးရန် သင်္ဘောပေါ်တင်နေစဥ်
#စစ်တွေ #စစ်ကောင်စီအရာရှိများ #ပိုင်ဆိုင်သည့်ကားများ #ရန်ကုန်ရွှေ့ #Ayeyarwaddy_Times