
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၈ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း (ပျူ) ရွာကို စစ်ကောင်စီမှ ရဟတ်ယာဥ်ဖြင့် ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် လက်နက်အင်အားနှင့် စားနပ်ရိက္ခာများ ဖြည့်တင်းပေးနေကြောင်း သိရသည်။
ယောပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့သည့် မြောက်ခင်ရန်း(ပျူ)ရွာက်ို တော်လှန်ရေးတပ်ဖွဲ့များမှ ပြန်လည်တိုက်ခိုက်သွားမည်ကို စိုးရိမ်သောကြောင့် စစ်ကောင်စီမှ ရဟတ်ယာဥ်ဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းပေးခြင်းဖြစ်ကြောင့် သိရသည်။
“အဲ့ဒီ ရွာက ပျူတပ်ဖွဲ့တွေက စစ်ကောင်စီထံ လက်နက်ခဲယမ်းတွေ အကူညီတောင်းခံလာတာလို့ သိရပါတယ်။ စစ်ကောင်စီကနေပြီး မနေ့က ရဟတ်ယာဥ် နဲ့ သုံးကြိမ်ခန့် လက်ရောက်ပို့ဆောင်ပေးသွားပါတယ်။ ရွာက လူတွေကို ရွာအပြင် ထွက်ခွင့်မပြုဘဲ လုံခြုံရေး တင်းကြပ်ထားတယ်လို့ သိရပါတယ်” ဟု ဂန့်ဂေါဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ Mi 17 ရဟတ်ယာဥ်အမျိုးစားဖြင့် ကလေးမြို့မှ ဂန့်ဂေါမြို့နယ်၊ ဟံသာဝတိီ(ပျူ)ရွာသို့ သုံးကြိမ်ခန့် လာရောက်ဆင်းသက်ခဲ့ပြီး ၎င်းကျေးရွာမှ တဆင့် မြောက်ခင်ရန်း(ပျူ)ရွာကို လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာများကို ဖြည့်တင်းပေးနေကြောင်း သိရသည်။
ယောပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ရဲဘော် ဖိုးတေနှင့် ရဲဘော် သားထောင်တို့ကို မြောက်ခင်ရန်း(ပျူ)ရွာမှ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည့် ဗွီဒီယိုဖိုင် ပြီးခဲ့သည့်ရက်ပိုင်းက ပျံနှံ့လာပြီးနောက် ဂန့်ဂေါမြို့ရှိ ပျူကျေးရွာများဖြစ်သည့် မြောက်ခင်ရန်း၊ ဟံသာ၀တီ၊ လယ်ကြီး(အရှေ့၊အနောက်)၊ ကုက္ကား၊ ရွှေမြစ်သာ၊၀င်၀၊ ကလေးတောင်ပိုင်းဘက်ရှိ အင်းကျွန်း၊ ကျောက်ပြုတ်၊ ကြံသာ၊ မန်တာရွာနှင့် ကျောက်ဆည်ရွာတို့ရှိ ပျူမိသားစုဝင်များသည် ရွာအပြင်မထွက်ဘဲ လုံခြုံရေးတင်းကြပ်ထားကြောင်း သိရှိရသည်။
#မကွေး#ဂန့်ဂေါ#မြောက်ခင်ရန်းရွာ #လက်နက်အင်အားဖြည့်တင်း #စစ်ကောင်စီ #မီးရှို့သတ်#
#Ayeyarwaddy_Times