ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိပြီး ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ၅ ရက်မြောက် ရောက်လာပြီဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့များက မြို့ကိုဆက်လက်ထိန်းချုပ်ထားကြောင်းသိရသည်။

စစ်ကောင်စီက ကောလင်းမြို့ကို ပြန်လည်ရရှိစေရေးအတွက် စစ်ကြောင်းများကို ဖြန့်ကာ ကောလင်း အရှေ့၊ အနောက်၊ တောင်၊ မြောက်တို့မှ စစ်ကြောင်းထိုးလျက်ရှိပြီး လက်နက်ကြီးပစ်ကူနှင့် လေကြောင်းမှ တိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၇ရက်နေ့အထိ နှစ်ဘက်တိုက်ပွဲများပြင်းထန်လျက်ရှိပြီး စစ်ကောင်စီက မြို့ကိုချဉ်းကပ်နိုင်ခြင်းမရှိဘဲ တပ်ပြန်ဆုတ်နေရကြောင်း ‌Kawlin Revolution ထံက သိရသည်။

နှစ်ဘက်တိုက်ပွဲများအတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်နေ့က ကောလင်းခရိုင် တပ်ရင်း(၂)မှ စခန်းမှူးအပါအဝင် PDF ရဲဘော် လေးဦး လက်နက်ကြီးကျည် ထိမှန်‌သေဆုံးပြီး ဖေဖော်ဝါရီ ၅ရက်နေ့တွင် အဆိုပါ တပ်ရင်း(၂) မှPDFရဲဘော် နှစ်ဦးထပ်မံသေဆုံးခဲ့ကြောင်း ကောလင်း PDF ထံက သိရသည်။

“မိဘပြည်သူများစိတ်မပူကြပါနဲ့ဦး။ ဒါကပန်းနဲ့ပေါက်တိုင်း ကစားနေတာမဟုတ်ပါဘူး။ လက်တွေ့မှာ မြို့ပြဧရိယာကို ဝင်ရောက်နိုင်ခြင်း မရှိသေးပါဘူး။ မြို့နားတော့ကပ်နေပါတယ်။ လေယာဉ်နဲ့ပါ ပစ်ကူတယ်။ ဟောင်ဝစ်ဇာနဲ့ပစ်ကူတယ်။ ဒရုန်းတွေကိုလည်းများများ အသုံးပြုလာတာကိုမြင်ရတယ်” ဟု Kawlin Revolution ကဆိုသည်။

စစ်ကောင်စီက မြေပြင်စစ်ကြောင်းအပြင် ဝန်းသိုတပ်ရင်းမှနေ၍ ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် ကောလင်းမြို့အတွင်းပစ်ခတ်ခြင်းနှင့် လေကြောင်းမှတိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၇ရက် ညနေ ‌၅နာရီခန့်တွင် ကန့်ဘလူမှထွက်လာသည့် စစ်ကားသုံးစီးသည် ကျွန်းလှသို့ ရောက်ရှိလာပြီး စစ်ကားတစ်စီးတွင် ဟောင်ဝစ်ဇာလက်နက်ကြီး တင်ဆောင်ထားကြောင်း ကျွန်းလှဒေသခံများထံက သိရသည်။

“စစ်တပ်က ကောလင်းကိုမဲချနေတာ။ ရွှေညာသားတွေရဲ့ စစ်ရေးတွက်ချက်ပုံကို လျှော့တွက်ပုံပဲ။ အခုဖောင်းပြင်မှာ ထချတယ်။ ထီးချိုင့်ကလည်း မလျော့ဘူး။ ဖောင်းပြင်နဲ့ ထီးချိုင့် တစ်မြို့မြို့တော့ PDFက သိမ်းတဲ့သတင်းကြားရတော့မယ်” ဟု စစ်ရေးသုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရှမ်းတောင်၊ ကရင်နီနှင့် ရခိုင်တွင် စစ်မျက်နှာ ဖွင့်ထားရပြီး စစ်ရေးရလဒ်မကောင်းသည့် စစ်ကောင်စီက အညာဒေသနှင့် ကချင်၊ ရှမ်း ထိစပ်နယ်မြေများနှင့်နီးသည့် ကောလင်းကို အမိအရပြန်ယူပြီး ရွှေပြည်အေး၊ ခါမ်းပါတ်တို့ကိုပါ စစ်ရေးပြန်လည် ဦးလှည့်ဖို့ ကြံရွယ်နေကြောင်း သိရသည်။

ပုံစာ-ကောလင်းသို့ မသွားမီ ကန်ဘလူတွင် တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ

#ကောလင်း #တိုက်ပွဲ၅ရက်ဆက်ဖြစ် #PDFရဲဘော်၆ဦး ကျဆုံး #စစ်ကောင်စီတပ် #အင်အားအလုံးအရင်း #Ayeyarwaddy_Times