
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာရှိ ပျူစောထီးများက တိုက်ပွဲတွင် ဖမ်းဆီးရမိထားသည့် ယောကာကွယ်ရေးတပ်ဖွဲ့ YDF ရဲဘော်နှစ်ဦးကို သစ်ပင်တွင်တွဲလောင်းချကာ သံကြိုးဖြင့်ချည်နှောင်၍ အရှင်လတ်လတ်မီးရှို့သတ်ဖြတ် အောင်ပွဲခံနေသည့် ရုပ်သံတစ်ခု ထွက်ပေါ်လာသည်။
အဆိုပါ ရုပ်သံတွင်ပါဝင်သည့် မီးရှို့သတ်ဖြတ်ခံရသည့် ယော PDF တပ်ဖွဲ့၀င်နှစ်ဦးမှာ ပြီးခဲ့သည့်နှစ် နို၀င်ဘာ ၇ ရက်နေ့က မြောက်ခင်ရန်း တိုက်ပွဲတွင် အရှင်ဖမ်းဆီးခံခဲ့ရသည့် တပ်ဖွဲ့၀င် လေး ဦးအနက်မှ ရဲဘော် ဖိုးတေနှင့် ရဲဘော် သားထောင်တို့ဖြစ်ပြီး ဖမ်းဆီး ခံရသည့်နေ့ကတည်းက ယခုကဲ့သို့ ဖမ်းဆီးနှိပ်စက်ညှင်းပန် းသတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း တပ်ဖွဲ့ထံက သိရသည်။
ပျူစောထီးတပ်ဖွဲ့များက ယော YDF ရဲဘော်နှစ်ဦးကို သံကြိုးနှင့်ချည် တရွတ်တိုက်ဆွဲ ရိုက်နှက်နှိပ်စက်၍ သစ်ပင်တစ်ပင်အောက်တွင် သံကြိုးဖြင့်တွဲလောင်း ချိတ်ကာ မီးရှို့ သတ်ဖြတ်ခဲ့သည့် ရုပ်သံဖိုင်ကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ဒေသတွင်း သတင်းမီဒီယာတစ်ခု၏ တယ်လီဂရမ်မှ တဆင့် ပြန်လည်မျှဝေခဲ့သည်။
အဆိုပါ ရုပ်သံဖိုင်တွင် လူရုပ်မပေါ်အောင် နှိပ်စက်ခံထားရသည့် ရဲဘော်နှစ်ဦး၏ လက်နှင့်ခြေများကို နောက်ပြန်သံကြိုးခတ်၍ သစ်ပင်တွင် တွဲလောင်းဆွဲကာ အောက်တွင်မီးပုံဖိုပြီး မီးရှို့သတ်ဖြတ်နေစဉ် ပျူစောထီးအဖွဲ့များက ဝိုင်း၀န်းကြည့်ရှု အော်ဟစ်ပျော်ရွှင်အောင်ပွဲခံနေကြခြင်း ဖြစ်သည်။
ခန္ဓာကိုယ်တစ်၀က် မီးလောင်ကျွမ်းခံနေရ၍ သတိလစ်မေ့မျောနေသည့် ရဲဘော်တစ်ဦးကို အနီးရှိပျူစောထီးများက မျက်နှာကိုတုတ်နှင့်ထိုးနှိုး၍ “နောက်တစ်ခါ နီဦးမလား၊ သူရဲကောင်းဆိုတာ လွယ်လွယ်မသေဘူး” ဟု အော်ဟစ်ကာ ဓာတ်ဆီများ ထပ်လောင်း၍ မီးရှို့သတ်ဖြတ်နေသည်ကို ရုပ်သံဖိုင်ထဲတွင် တွေ့ရသည်။
ရုပ်သံမှတ်တမ်းများအရ ပျူစောထီးခေါင်းဆောင် ထက်ဝေဦး ဦးဆောင်သည့် ပျူစောထီးအဖွဲ့နှင့် စစ်တပ်အင်အားစုစုပေါင်း ၂၀၀ ကျော်က ရဲဘော်နှစ်ဦး ကို မီးရှို့သတ်ပြီး အော်ဟစ်အားပေး ကခုန်နေကြသည်ကို ရိုက်ကူးထားကြောင်း တွေ့ရသည်။
အဆိုပါရုပ်သံဖိုင်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ အလင်း၀င်သွားသည့် ပျူစောထီးများထံသို့ ခြိမ်းခြောက်ကာ ပို့သည့်ဗီဒီယိုဖိုင်ဖြစ်ကြောင်း နယ်မြေခံ PDF ထံက သိရသည်။
ပြီးခဲ့သည်နှစ် နို၀င်ဘာ ၇ ရက်က ဖမ်ဆီးသွားသည့် ရဲဘော်လေးဦးကို မီးရှို့ မသတ်ဖြတ်ခင် တိုက်ပွဲအတွင်းသေ ဆုံးသွားသည့် PDF တပ်ဖွဲ့၀င် ရှစ်ဦး၏ အလောင်းကို ခုတ်ထစ်ဖြတ်တောက် ဖျက်ဆီးခြင်းများ ပြုလုပ်ကာ ကြည့်ရှုခိုင်းပြီးမှ အရှင် လတ်လတ်မီးရှို့သတ်ဖြတ်၍ ပျူစောထီးများက အော်ဟစ်ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ ခြင်းဖြစ်ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။
ပုံစာ-ပျူစောထီးများ၏ မီးရှို့သတ်ဖြတ်ခြင်း ခံခဲ့ရသည့် YDFရဲဘော်၂ဦး
#မကွေး #ဂန့်ဂေါ #မြောက်ခင်ရန်း #ယောPDF #YDFရဲဘော်၂ဦး #ပျူစောထီးများ #မီးရှို့သတ်ဖြတ် #Ayeyarwaddy_Times