နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA)တို့က နှစ်ပတ်အတွင်း လက်နက်ကြီး၊ လေယာဉ်များဖြင့် အကြိမ် (၃၀၀) ကျော် ပစ်ခတ်ဗုံး ကြဲမှုကြောင့် ဒေသခံပြည်သူ ၆၀,၀၀၀(ခြောက်သောင်း) ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများစွာ လိုအပ်နေကြောင်း ပအိုဝ်းလူငယ် အစည်းအရုံး(PYO)ထံက သိရသည်။

စစ်ကောင်စီတပ်၊ ၎င်းလက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)နှင့် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ မဟာမိတ်အဖွဲ့တို့အကြား ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ထိုနေ့မှ ဖေဖော်ဝါရီ ၃ ရက်အထိ စစ်ကောင်စီဘက်မှ လက်နက်ကြီး (၈၉) ကြိမ်၊ လေယာဉ်များဖြင့် (၂၄၇) ကြိမ် ပစ်ခတ်ဗုံးကြဲခဲ့ကြောင်း သိရသည်။

“လက်ရှိအခြေအနေကတော့ စစ်ရေးတင်းမာမှုတွေ ရှိနေတယ်။ ကျွန်တော်တို့ PYO ကတော့ လောလောဆယ်မှာ စစ်ရှောင်တွေကို IDP(စစ်ဘေးရှောင်စခန်း)တွေ အဆက်အသွယ်လုပ်ပေး၊ ချိတ်ဆက်ပေး။ ပြီးရင် စားစရာတွေ ဝိုင်းကူပေး စတာတွေ လုပ်နေပါတယ်။ ဆက်ပြီးကူညီနိုင်ဖို့လည်း ကြိုးစားနေပါတယ်” ဟု PYO ဒုဥက္ကဌ ခွန်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါရက်များအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး၊ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲမှုကြောင့် ဒေသခံပြည်သူ စုစုပေါင်း ၆၃,၃၈၁ ဦး စစ်ဘေးရှောင်နေရပြီး အရပ်သား ထိခိုက်ဒဏ်ရာရမှု ရှစ် ဦး၊ သေဆုံးသူလေးဦး နှင့် ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်း၊ နေအိမ်အပါအဝင် စုစုပေါင်း ၇၀ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ဆီဆိုင်မြို့အပါအဝင် နီးစပ်ရာ ဆိုက်ခေါင်၊ ဟိုပုံး၊ မိုင်းပွန်နှင့် လွိုင်လင်မြို့များတွင် စစ်ရေးတိုးချဲ့ ပြင်ဆင်မှုများရှိနေပြီး စစ်ကောင်စီအနေဖြင့် ၎င်းတို့ လက်လွတ်ဆုံးရှုံးရသည့် မြို့၊ ရွာများကို အလုံးစုံဖျက်စီး ပစ်ရေး သဘောထားဖြင့် ဖျက်ဆီးနေကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။

ထို့အပြင် စစ်ကောင်စီနှင့် PNLA အပါအဝင် တော်လှန်ရေးအင်အားစုများအကြား စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန် နိုင်ဘဲ ယခင်ထက်ပိုမို များပြားလာကာ နေအိမ်မီးလောင် ပျက်စီးမှုများလည်း ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့အခြေအနေများကြောင့် အောင်သပြေရပ်ကွက်၊ မြကန်သာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်၊ ဟိုခဲရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ သီရိရပ်ကွက်နှင့် ပင်စုံအုပ်စု၊ နောင်ကျောအုပ်စု၊ တောင်ရှေ့အုပ်စု၊ လွယ်ပွတ်အုပ်စု၊ ပလောပကယ်အုပ်စု၊ တဘက်အုပ်စုတို့ရှိ ကျေးရွာများအပြင် ကရင်နီဒေသခံများလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါစစ်ဘေးရှောင်များကို အရပ်ဖက်အဖွဲ့အစည်းများ၊ တက်ကြွလူငယ်အုပ်စုများ၊ ကျေးရွာခေါင်းဆောင်များ၊ ဘာသာရေး ခေါင်းဆောင်များ စသည်တို့မှ ဦးဆောင်၍ ကူညီပေးနေသော်လည်း ၎င်းတို့အတွက် နေ့စဉ်စား နပ်ရိက္ခာ၊ ယာယီနေထိုင်ရန် အမိုးအကာနှင့် အနွေထည် အဝတ်အစားများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) တို့သည် လက်နက် ကြီး၊ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲခြင်း၊ ဒေသခံများကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်းတို့အပြင် ဖေဖော်ဝါရီ ၅ ရက်ကလည်း ဆီဆိုင်မြို့နယ်၊ နောင်အယ်ရွာမှ ဆိုက်ခေါင်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် အသက် (၅၀)နှစ်အရွယ် ဒေသခံအမျိုးသား ဦးခွန်ဩကို ဆီဆိုင်မြို့မြောက်ဘက်၌ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

ယင်းအပြင် စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့နယ်၊ ကောင်းမှုဗွာရွာနှင့် ထီးမန်းရွာအတွင်းရှိ ဒေသခံပြည်များကို ဝင်ထွက်သွားလာခွင့် ကန့်သတ်ထားပြီး လွယ်တဖြီးရွာမှ လုဲင်းပေးရွာ တကြောတွင်လည်း ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်ကလည်း ဆီဆိုင်မြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လွယ်ပွတ်ကျေး ရွာဘက်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဓာတ်ပုံ-PNLA
#ဆီဆိုင်မြို့ #စစ်ကောင်စီတပ် #နှစ်ပတ်အတွင်း #လက်နက်ကြီး #လေယာဉ်များ #အကြိမ်၃၀၀ ကျော် #ပစ်ခတ်ဗုံးကြဲ #ဒေသခံပြည်သူ၆၀၀၀၀ကျော် #စစ်ဘေးရှောင်နေရ #Ayeyarwaddy_Times