အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ရှိ တောင်ပေါ်ဒေသ ချင်းကျေးရွာများတွင် ဆန်နှင့် အခြေခံစားသောက်ကုန်များ သယ်ယူရာတွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များမှ ကန့်သတ်ထားကြောင့် သိရသည်။

ရခိုင်ရိုးမနှင့် အမ်း-မင်းဘူး ကားလမ်း တစ်လျှောက်ရှိ ချင်းကျေးရွာများသည် ဆန်နှင့် အခြေခံစားသောက်ကုန်များကို ပဒါန်းမြို့တွင် အဓိက ဝယ်ယူစားသောက်နေရပြီး အဆိုပါ စားသောက်ကုန်များ သယ်ယူရာတွင် စစ်ကောင်စီ၏ ပျဥ်းဝ၊ တုံးကြီးနှင့် ကံမြင့်ကန် ဂိတ်များမှ စစ်ဆေးမူများ လုပ်ဆောင်ကာ ဆန် ခြောက်ပြည်နှင့်အထက် သယ်ယူခွင့် မရသည့်အပြင် ဆား၊ ငါးပိ၊ ဓာတ်ဆီများလည်း လိုချင်သလောက် သယ်ယူခွင့် မရကြောင်းသိရသည်။

“စစ်ကောင်စီ ပျဥ်းဝ၊ တုံးကြီး၊ ကံမြင့်ကန် ဂိတ်တွေက အစစ်ဆေးအရမ်းကြမ်းတယ်။ ဆန် တစ်ကြိမ်သယ်ရင် ခြောက်ပြည်သယ်ခွင့်ပြုတယ်။ ငါးပိ၊ ဆားတွေလည်း နှစ် ပိဿလောက်ပဲသယ်လို့ရတယ်။ ဓာတ်ဆီဆို လုံးဝ သယ်လို့မရတဲ့ အနေထားမှာ ရှိတယ်။ အဲ့ဒီလို သယ်ယူခွင့် ကန့်သတ်ထားတာ ကြာပါပြီ”ဟု ဂုတ်ကြီးကျေးရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ ဆန်သယ်ယူမူ ကာလကြာမြင့်စွာ ကန့်သတ်ထားသောကြောင့် မိသားစုဝင်များသည့် အိမ်ထောင်စုများသည် စားဝတ်နေရေး အခက်ကြုံတွေ့နေရသည်။ ယင်းအပြင် စစ်ကောင်စီ၏ ဂိတ်များတွင် စစ်ဆေးမူများ ဆက်တိုက်လုပ်ဆောင်နေသောကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အနေဖြင့် စိုးရိမ်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် မထုံး၊ ဂုတ်စည်းရိုးနှင့် ကံမြင့်ကန်ကျေးရွာများမှ ချင်းလူမျိုး ၁၅ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးပြီး ၎င်းတို့ထဲမှ ချင်းအမျိုးသား လေးဦးကို ဇန်နဝါရီ ၂၀ ရက်နေ့တွင် ဓာတ်ဆီ ခိုးသယ်ယူမူနှင့် ထောင်ဒဏ် တစ်နှစ်စီ ချမှတ်ကြောင်းသိရှိရသည်။

#မကွေး #ငဖဲမြို့ #တောင်ပေါ်ချင်းရွာ #ဆန်နှင့်အခြေခံစားသောက်ကုန် #သယ်ယူခွင့်ကန့်သတ်ထား #စစ်ကောင်စီ #Ayeyarwaddy_Times