နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ရက်

ကရင်ပြည်နယ် သာမညတောင်ဘက်မှ စစ်ကောင်စီတပ် ကားကိုးစီးသည် ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြဝတီမြို့တွင်းသို့ လက်နက် ခဲယမ်းအပြည့်စုံဖြင့် ဝင်ရောက်လာကြောင်း မြဝတီမြို့ ဒေသခံများထံက သိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် သင်္ဃန်းညီနောင်ဘက်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အင်အားများ ထပ်မံဖြည့်တင်း နေခြင်းဖြစ်ကြောင်းသိရသည်။

“မနက် ၇ နာရီလောက်ကတော့ စစ်ကားအကြီးကိုးစီး၊ ကားအသေးတစ်စီး မြဝတီကိုတက်လာတယ်။ လက်နက်အင်အား လူအင်အားအပြည့်ပဲ။ ကားပေါ်မှာ စစ်ယူနီဖောင်းမဝတ်ပဲ အရပ်ဝတ်နဲ့အီကွေမန့်ပတ်ပြီး သေနတ် လွယ်ထားတဲ့သူတွေလည်းပါတယ်။ ကားတွေကို တရကြမ်းမောင်းဝင်လာနေတာ” ဟု မြ၀တီရှိ ဧရာဝတီတိုင်းမ် သတင်းရင်းမြစ်ကပြောသည်။

ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာများကို အတိအကျသိရှိရခြင်း မရှိသော်လည်း လက်နက်ကြီးသံများ ကြားနေရပြီး စစ်ကောင်စီတပ်ကားများ သည် ညသန်းခေါင်တွင် မြဝတီမြို့အတွင်းသို့ ဝင်ရောက်ခြင်းများရှိကြောင်း မြ၀တီရှိဒေသခံများထံက သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း ပဲခူးတိုင်း၊ ဇရပ်ကြီးမြို့ရှိ အမှတ် (၇၃) ခြေလျင်တပ်ရင်း (ခလရ-၇၃) နှင့် စစ်ကောင်စီတပ်စခန်း ခြောက်ခုထက်မနည်းကို KNLA ၊ PDF ၊ BPLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အထိနာနေသော စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေ၍ နှစ်ဖက် တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ပုံစာ- စစ်ကောင်စီတပ်ကားများ မြဝတီမြို့တွင်းသို့ ဝင်ရောက်နေစဉ်
#မြဝတီမြို့ #စစ်ကား၉စီး #စစ်ကောင်စီတပ် #အင်းအားဖြည့်တင်း #Ayeyarwaddy_Times