နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်

ပဲခူးတိုင်း၊ ဇရပ်ကြီးမြို့၊ ထန်းတပင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းရဲစခန်း ခြောက်ခုနှင့် ဇရပ်ကြီးမြို့အခြေစိုက် ခလရ ၇၃ တပ်ရင်းတို့ကို ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ နံနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA) နှင့် ပူးပေါင်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

တော်လှန်ရေးအင်အားစုများ စခန်းသိမ်း တိုက်ပွဲ ဖော်ဆောင်နေစဉ်အတွင်း စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေပြီး တိုက်ပွဲလည်းဆက်လက် ပြင်းထန်နေကြောင်းသိရသည်။

“မနက်အ​စောပိုင်းမှာ တိုက်ပွဲတွေဖော်ဆောင်ခဲ့တာပါ။ ပဲခူးတိုင်းအတွင်းက ကျေးရွာတွေကို ဟောင်ဝစ်ဇာ အမြောက် လက်နက်ကြီးတွေနဲ့ ညတိုင်းထုနေတဲ့ ခလရ-၇၃ တပ်ရင်းနဲ့ အခြားစခန်းတွေကိုသိမ်းပိုက်နိုင်ခဲ့တာ။ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်။ တိုက်ပွဲလည်းဆက်လက်ပြင်းထန်နေတယ်” ဟု မြေပြင်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို KNLA ၊ BPLA၊ တော်ဝင်ဒေါင်း ၊ အာဠာဝက၊ Spring Warrior နှင့် ဧရာဝတီ အမှတ် (၃)တပ်ရင်းတို့မှ ပူးပေါင်းဆင်နွဲနေခြင်းဖြစ်ကြောင်း မြေပြင် တော်လှန်ရေး တပ်ဖွဲ့ဝင်ထံက သိရသည်။

အဆိုပါစခန်းသိမ်း တိုက်ပွဲတွင် ဧရာဝတီတိုင်းမှ တော်လှန်ရေးတပ်ဖွဲ့လူငယ်အများစု ပါဝင်တိုက်ပွဲဝင်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ၍ တိုက်ပွဲအရှိန်မြင့်တတ်လာနေကာ ဆက်လက်တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်က ဆိုသည်။

ပုံစာ-ဧရာဝတီ အမှတ် (၃) တပ်ရင်း တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဝင်နေစဉ်
#ဇရပ်ကြီးမြို့ #ခလရ၇၃တပ်ရင်း #စစ်ကောင်စီတပ်စခန်း၆ခု #တော်လှန်ရေးတပ်ဖွဲ့များ #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times