
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ စစ်ကောင်စီတပ်ရင်းအားလုံးကို တိုက်ခိုက်ပြီး ရက္ခိုင့်တပ်တော် (AA) က ကျောက်တော်မြို့ကို အလုံးစုံသိမ်းပိုက် ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ယနေ့ နေ့လယ်ပိုင်းတွင် ကျောက်တော်အခြေစိုက် အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) နှင့် ခြေမြန်တပ်ရင်း ခမရ -၃၇၅ တို့ကို တိုက်ခိုက်ပြီး မြို့ကိုထိန်းချုပ်နိုင်လိုက်ကြောင်း AA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်ဆုတ်ပြီး ဇက်ရေယာဉ် သုံးစီးဖြင့်ထွက်ပြေးသည့် စစ်ကောင်စီ တပ်ဖွဲ့၀င်များကို AA က လိုက်လံတိုက်ခိုက်ရာ ဇက်ရေယာဉ်နှစ်စီး ထိခိုက်ပျက်စီးပြီး ကုလားတန်မြစ် အတွင်းနစ်မြုပ်သွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
“တပ်ဆုတ်ပြေးသွားတဲ့ Navy သုံးစီးကို တပ်တော်က ဝိုင်း၀န်းပိတ်ဆို့ပြီးလိုက်တိုက်တာ နှစ်စီးက ကုလားတန်မြစ်ထဲ မြုပ်သွားတယ်။ ကျန်တဲ့တစ်စီးလည်း အတော်ထိထားတယ်”ဟု AA စစ်ရေးသတင်းရင်းမြစ် က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က ကျောက်တော် အခြေစိုက် ခမရ- ၃၇၄ တပ်ရင်းကို AA က သိမ်းပိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ခမရ -၃၇၆ တပ်ရင်းကို ထပ်မံသိမ်းပိုက်ကာ ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ နေ့လယ်ပိုင်းတွင် ကျောက်တော်အခြေစိုက်တပ်မနှင့် ခမရ- ၃၇၅ တပ် ရင်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်၍ မြို့ကိုသိမ်းယူလိုက်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ကတည်းက ကျောက်တော်အခြေစိုက် စကခ- ၉ ကို AA က အပြင်းအထန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက ဇက် Navy နှစ်စီး ဖြင့် စစ်ကူလာရောက်ပို့ပေးခဲ့ပြီး အဆိုပါ Navy နှစ်စီး ကို AA ကလက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ထိမှန်ပြီး စစ်ကူမပို့တော့ဘဲ နောက်ကြောင်း ပြန်လှည့် သွားကြောင်း သိရသည်။
ပုံစာ- ကျောက်တော် ၃၇၇တပ်ရင်းကို AAသိမ်းပိုက်ထားစဥ်
#ရခိုင် #ကျောက်တော် #AAသိမ်းပိုက်ထိန်းချုပ် #စစ်ကောင်စီNavy၂စီး #ကုလားတန်မြစ် #နှစ်မြုပ် #Ayeyarwaddy_Times