ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဖေဖော်ဝါရီ ၇ ရက်

တနင်္သာရီတိုင်း ၊လောင်းလုံးမြို့နယ်တွင် လောင်းလုံးမြို့နယ် တရားရုံးမှ ပြန်လာသည့် အကြီးတန်းစာရေး ဒေါ်စန္ဒာစိုး နှင့် အတူ ယာဥ်မောင်းတစ်ဦးကို ဖမ်းဆီးရမိကြောင်း Nway Oo Guerilla Force တပ်ဖွဲ့ထံက သိရသည်။

အဆိုပါ အကြီးတန်းစာရေးနှင့် ယာဉ်မောင်းတို့သည် ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က လောင်းလုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနအတွင်းမှ ပရိုဘောက်(Probox ) ယာဥ်တစ်စီးဖြင့် ထွက်ခွာလာသည်ဟု ကြားသိရ၍ စောင့်ဆိုင်းကာ ဖမ်းဆီးစစ်ဆေးခဲ့ပြီး လောင်းလုံးမြို့နယ် တရားရုံးမှ အကြီးတန်းစာရေး ဒေါ်စန္ဒာစိုးနှင့် အတူ မြို့နယ်တရားရုံးဆိုင်ရာ စာရွက်စာတမ်းများကို စစ်ဆေးတွေ့ရှိခဲ့ ကြောင်းသိရသည်။

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေက သတင်းရလို့ လမ်းမှာစောင့်ဆိုင်းပြီးဖမ်းဆီးခဲ့တာပါ။ တစ်နာရီကျော်ကျော် လောက်စစ်ဆေးခဲ့တယ်။နောက်ထပ် စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ဖို့ သတိပေးပြီး ပြန်လွှတ်ပေးလိုက်တယ်”ဟု Nway Oo Guerrilla Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အကြီးတန်းစာရေး ဒေါ်စန္ဒာစိုးနှင့်ယာဥ်မောင်း ကိုခင်ဇော်ဝင်းတို့ကို ဖမ်းဆီး စစ်ဆေးပြီးနောက် တရားရုံးဆိုင်ရာစာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ပြီး နေလယ် ၁၂ နာရီခန့်တွင် လူသားချင်းစာနာမှုအရ ကောင်းမွန်စွာပြန်လည်လွှတ်ပေးခဲ့ကြောင်း Nway Oo Guerrilla Force တပ်ဖွဲ့ ထံကသိရသည်။

အဆိုပါဖမ်းဆီးစစ်ဆေးမှုကို နွေဦးပြောက်ကျားတပ်ဖွဲ့ (Nway Oo Guerrilla Force) တပ်ဖွဲ့ဝင်များနှင့်အတူ မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်ကြသော ဝံပုလွေတပ်စု ၊ Special Guerrilla Force ၊ DNLA အဖွဲ့ဝင်များမှ ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ ၊ နွေဦးပြောက်ကျားတပ်ဖွဲ့

#လောင်းလုံးမြို့နယ်တရားရုံး #အကြီးတန်းစာရေး #ယာဥ်မောင်း #PDFများ ဖမ်းဆီးစစ်ဆေး #သတိပေး၍ပြန်လွှတ် #Ayeyarwaddy_Times