
ဧရာဝတီတိုင်းမ်
(မတူပီ)၊ ဖေဖော်ဝါရီ ၇ ရက်
ချင်းပြည်နယ်၊ မတူပီ-မင်းတပ်လမ်းဘက်သို့ အင်အား ၂၀၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတူပီမြို့နယ်၊ ချန်းပြန်းရွာ(ခ)ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရွာလုံးကျွတ်နီးပါးမီးရှို့ခဲ့ပြီး လက်ရှိအချိန်အထိ ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မတူပီမြို့သို့ အင်အားအလုံးအရင်းဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကြောင်းထိုးလာခဲ့ခြင်းဖြစ်ပြီး ချင်းကာကွယ် ရေးတပ်ဖွဲ့(မတူပီ)က ထောင်ထား သော မြေမြှုပ်မိုင်းနင်းမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက် ဦး ဒဏ်ရာရရှိခဲ့သလို သေဆုံးသူများလည်း ရှိနိုင်ကြောင်းသိရသည်။
“မီးရှို့မခံရတဲ့ နေအိမ် ၁၀ အိမ်လောက်ပဲကျန်တယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချန်းပြန်းရွာ(ခ)အထိ ဝင်ရောက်လာတယ်။ မိုင်း ၉ လုံးလောက် နင်းမိတဲ့အတွက် ခြေပြတ်သွားတဲ့ သူတွေရှိသလို ဒဏ်ရာရရှိသူတွေလည်း များပြားနိုင်တယ်။ အိမ်တွေကို မီးရှို့တဲ့ မီးခိုးအငွေ့တွေကြောင့် သဲသဲကွဲကွဲမမြင်နိုင်ဘူးဖြစ်နေတယ်။ ကျွန်တော်တို့ ရှိတဲ့ဘက်ကို ဆက်မလာတော့ဘူး။ အင်အားတစ်ဝက်လောက်တော့ မြို့ပေါ်ရောက်ပြီလို့ ကြားတယ်။ ကျန်တစ်ဝက်က လည်မျိုချောင်းတစ်ဝိုက်မှာ ကျန်သေးတယ်လို့ သိရတယ် ပေါ့နော်။ ကျွန်တော်တို့လည်း ကွင်းမဆင်းနိုင်သေးဘူး”လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ) တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မတူပီမြို့နယ်၊ ချန်းပြန်း(ခ) ကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၆၃ အိမ်ရှိပြီး ခန့်မှန်းလူဦးရေ ၁၀၀ နီးပါးနေထိုင်သည့် ကျေးရွာဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ မီဇိုးရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပလက်ဝမြို့ရှိ စခန်းစွန့်ခွာထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း မတူပီမြို့သို့ ရောက်ရှိနေကြောင်းဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်သည် မတူပီမြို့ကို လက်လွှတ်မခံရအောင် အခိုင်အမာခံ စစ်ပြင် ဆင်ထားကာ ပြည်မဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားဖြည့်တင်း မှုပြုလုပ်ခဲ့ပြီး အသစ်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေကျွမ်းကျင်ရန် အတွက် မတူပီမြို့အနီးတဝိုက်တွင် စစ်ကြောင်းထွက်လှည့်လည်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ပုံစာ-ချန်းပြန်းရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
#မတူပီ #ချန်းပြန်းရွာ #စစ်ကောင်စီတပ် #ရွာလုံးကျွတ်နီးပါးမီးရှို့ #ထွက်ပြေးတိမ်းရှောင် #ဒေသခံများ #နေအိမ်မပြန်နိုင်သေး #Ayeyarwaddy_Times