
မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၇ ရက်
စစ်ကောင်စီသည် မြန်မာနိုင်ငံအနှံ့မှ ပြည်သူလူထုများအပေါ် ဖက်ဆစ်စိတ်ဓာတ်အပြည့်ဖြင့် စစ်ရာဇ၀တ်မှုများကို ပိုမိုလက်ရဲဇက်ရဲပြုလုပ်ကာ ဆက်တိုက်ကျူးလွန်လျက်ရှိသည်ဟု ညီနောင်မဟာမိတ်အဖွဲ့က ပြောကြားသည်။
စစ်ကောင်စီသည် ၎င်းတို့ကို တော်လှန်တိုက်ပွဲ၀င်နေကြသည့် ပြည်သူလူထုကို စစ်ရာဇ၀တ်မှုများ နေ့စဉ်ကျူး လွန်လျက်ရှိပြီး အဆိုပါလုပ်ရပ်သည် လူသားမျိုးနွယ်တစ်ရပ် လုံးအပေါ် ပြစ်မှုကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်တော် (AA) ညီနောင်မဟာမိတ်အဖွဲ့က ဆိုသည်။
စစ်ကောင်စီသည် ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်း၊ ဒေါဆီးအီကျေးရွာ အလယ်တန်းပြစာသင်တန်းကျောင်းကို လေကြောင်းမှရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အပေါ် ညီနောင် မဟာမိတ်အဖွဲ့မှ စိတ်မကောင်းဖြစ်မိကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။
ယင်းသို့ ကလေးသူငယ်များအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းအပေါ် အပြင်းအထန်ပြစ်တင်ရှုတ်ချပြီး အသက်ဆုံးရှုံးခဲ့ရသည့် ကလေးငယ်များ၏ မိသားစု ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းများနှင့်ထပ်တူ ၀မ်းနည်းကြောင်း ဖော်ပြထားသည်။
ထို့အပြင် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာတွင် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့သည့် ရုပ်သံဖိုင်ကိုလည်း စစ်ကောင်စီလက်အောက်ခံ ပျူ စောထီးတပ်ဖွဲ့များက ပြည်သူလူထုထံ အကြောက် တရားဖြန့်ဝေရန် ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေခဲ့သေးသည်။
#စစ်ကောင်စီ #လက်ရဲဇက်ရဲ #ဖက်ဆစ် #စစ်ရာဇ၀တ်ကျူးလွန် #ညီနောင်မဟာမိတ်
#Ayeyarwaddy_Times