ဧရာဝတီတိုင်းမ်
(ဒီးမော့ဆို)၊ ဖေဖော်ဝါရီ ၆ ရက်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖ ကျေးရွာရှိ စာသင်ကျောင်းများကို ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စစ်ကောင်စီက အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကြားနေသည့် ကလေးငယ်များ သေဆုံးဒဏ်ရာ ရမှုအပေါ် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းဝိုင်းမှ အရေးယူမှုများ ပြုလုပ်ပေးရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က တောင်းဆိုထားသည်။

စစ်ကောင်စီသည် တစ်ရက်အတွင်း ကျေးရွာနှစ်ခုရှိ စာသင်ကျောင်း နှစ် ကျောင်းကို လေကြောင်းတိုက်ခိုက်မှု‌ ဆယ်ကြိမ် ပြုလုပ်ခဲ့သည့်အတွက် ဒေါဆီးအီကျေးရွာ စာသင်ကျောင်းမှ အလယ်တန်းကျောင်းသား လေး ဦး သေဆုံးခဲ့ကာ ၁၄ ဦးဒဏ်ရာရရှိခဲ့ပြီး လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းတွင်လည်း ဆရာ၊ ဆရာမ နှစ် ဦး နှင့် ဒေသခံ ငါး ဦး ဒဏ်ရာရရှိကာ သက်ကြီးပိုင်းအမျိုးသား တစ်ဦး သေဆုံးခဲ့ရခြင်း ဖြစ်သည်။

သို့သော်လည်း စစ်ကောင်စီသည် ဒီးမော့ဆိုရှိ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုကို ၎င်းတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်းနှင့် အဆိုပါအချိန်တွင် စစ်တပ်မှလေကြောင်းပျံသန်းမှုမရှိဘဲ ပြည်ဖျက်မီဒီယာများမှ သတင်းမှားဖြန့်ဝေ လုပ်ကြံရေးသားနေခြင်းသာဖြစ်သည်ဟု စစ်ကောင်စီက ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများမှ တဆင့် ဗြောင်ငြင်းဆိုထားသည်။

“တိုက်ခိုက်မှုတွင် သေဆုံးထိခိုက်ခဲ့ရသည့် ကျောင်းသားကလေးသူငယ်များ နှင့် အရပ်သားပြည်သူများ၏ မိသားစုဝင်များနှင့်ထပ်တူ အလွန် ဝမ်းနည်းကြေကွဲရပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ အရပ်သားပြည်သူများနှင့် အပြစ်မဲ့ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လက်သင့်ခံနိုင်ဖွယ်မရှိဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်” ဟု IEC မှ ထုတ်ပြန်ပြောဆိုထားသည်။

ယခုကဲ့သို့ ငြိမ်းချမ်းစွာ စာသင်ကြားနေသည့် ကလေးငယ်များအပေါ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းသည် ကလေးသူငယ်များ အခွင့်အရေးဆိုင်ုရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) အရ “ကလေးတိုင်းတွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင် နေထိုင်ခွင့်ရှိသည်”ဟူသောအချက်နှင့် ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း IEC က ပြောဆိုထားသည်။

ထို့ပြင် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများအပေါ်တွင်လည်း ချိုးဖောက်မှုဖြစ်ရာ ရောမသဘောတူစာချုပ် (Rome Statue) အရ စစ်ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်တစ်ခုဖြစ်သည့်အတွက် စစ်ကောင်စီမှ တာဝန်ရှိသူများကို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အမြန်ဆုံး ဝိုင်းဝန်း အရေးယူ ဆောင်ရွက်‌ပေးကြရန်လည်း IECမှ တိုက်တွန်းထားသည်။

အလားတူ စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်နေ့ကလည်း ခါမ်းပါတ်မြို့ကပ်လျက်ရှိ ကနန်ကျေးရွာ စာသင်ကျောင်းကို ပေါင် ၂၅၀ ဗုံးများဖြင့်ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၉ ဦးအပါအဝင် ဒေသခံ ၁၇ ဦးသေဆုံးခဲ့သော်လည်း ၎င်းတို့ပိုင် မီဒီယာများတွင်မူ မဟုတ်ကြောင်း ငြင်းဆိုထားပြီး စစ်လောဘီများကမူ လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် PDF ၃၀ ကျော်သေဆုံးကြောင်း လူမှုကွန်ရက်များတွင် ရေးသားဖော်ပြခဲ့သည်။

ဓာတ်ပုံ – kamlaat-Kayah IDPs Assistance Network
#ဒီးမော့ဆို #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #ငြင်းဆို #ကလေးငယ်သေဆုံး #စာသင်ကျောင်း #Ayeyarwaddy_Times