ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို စစ်ကောင်စီက မြေပြင်ထိုးစစ်အင်အား တစ်ထောင်ကျော်နှင့် ဝင်ရောက်နေပြီး လေကြောင်းမှပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းမှစတင်၍ ကောလင်းမြို့နယ်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၆နာရီ ၃၀ မိနစ်ခန့်က ကောလင်းအနောက်ခြမ်း ညောင်ပင်သာနှင့် ကျောက်ကာရွာကြားတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီကအထိနာကာ ဆီဆုံရွာသို့ဆုတ်ခွာ သွားကြောင်းသိရသည်။

“ဒီနေ့မနက် တိုက်ပွဲအတော်ပြင်းထန်တယ်။ စစ်ကောင်စီဘက်ကအတော်အထိနာသွားတယ်။အခုဖြစ်နေတာ ကောလင်းရဲ့အကြီးဆုံးတိုက်ပွဲပဲ။ အခုလေကြောင်းကပါ ဗုံးလာကြဲနေပြီ” ဟု ကောလင်းခရိုင် တပ်ရင်းမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အထိနာပြီးဆုတ်ခွါသွားသည့် စစ်ကောင်စီတပ်က ဆီဆုံရွာကိုမီးရှို့ဖျက်ဆီးပြီးနောက် အင်ကြောစင်ရွာဘက်သို့ ရွှေ့ပြောင်းစစ်ကြောင်းထိုးလာကြောင်း သိရသည်။

ကောလင်းမြို့ ဝါးခုံရွာမှ ဇီးခုံရွာသို့ရွှေ့လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ယနေ့နံနက် ၇ နာရီတွင် ဇီးခုံရွာသို့ ရောက်ရှိလာပြီး ရွာကိုမီးရှို့ဖျက်ဆီးလျက်ရှိကြောင်း Kawlin revolution ထံက သိရသည်။

ကောလင်းမြို့မြောက်ခြမ်းတွင်လည်း အောင်ချမ်းသာရွာနှင့် ပေကုန်းရွာသို့ စစ်ကောင်စီ၏ ဝန်းသို ခမရ-၁၂၀မှ စစ်ကားနှစ်စီးသည် အင်အားအပြည့်ဖြင့် အင်ဗုတ်ကုန်းကိုဝင်ရောက်ကာ အင်ဗုတ်ကုန်းမှ စစ်ကြောင်းတစ်ကြောင်း၊ ပေကုန်းနှင့် သုံးမိုင်နတ်တောင်တို့မှ စစ်ကြောင်း သုံးကြောင်းခွဲကာ ဝင်ရောက် စစ်ကြောင်းထိုးလာကြောင်းသိရသည်။

ထို့အပြင် ကျွန်းလှမြို့နယ် ပေကုန်းရွာဘက်မှလည်း စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းချောင်းကြားရွာကို ဦးတည် စစ်ကြောင်းထိုးလာကြောင်းသိရသည်။

ထိုသို့ အင်အားထောင်ချီကာ စစ်ကြောင်းထိုးမှုများအပြင် ဝန်းသိုတပ်မှလည်း ကောလင်းမြို့ပေါ်သို့ ဟောင်ဝစ်ဇာ လက်နက်ကြီးဖြင့် ၅ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကောလင်းဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ ဂျက်ဖိုက်တာသည် ယနေ့ ဖေဖော်ဝါရီ ၆ရက် နေ့လယ် ၁၂နာရီခန့်က တံတားဦးလေဆိပ်မှတက်လာပြီး ကိုးတောင်ဘို့ မြောက်ဘက်မှဝင်ရောက်ကာ ကောလင်းမြို့ပေါ်သို့ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၃နာရီခန့်တွင် ကောလင်းမြို့နယ်ထဲသို့ လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီသည် ကောလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးရန်အတွက် ရှမ်းမြောက်တွင်စစ်ရှုံး၍ လက်နက်ချခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထောင်အတွင်းမှထုတ်လာသော အကျဉ်းသားများ၊ ပျူစောထီး ပြည်သူ့စစ်အဖွဲ့ဝင်များကိုပါ ခိုင်းစေ စေလွှတ်ထားကြောင်း သိရသည်။

ကောလင်းတိုက်ပွဲတွင် နှစ်ဘက် ထိခိုက်သေဆုံးမှုများရှိပြီး စစ်ကောင်စီဘက်က ပိုမိုအထိနာသေဆုံးလျက်ရှိသည်ဟု ကောလင်း PDF ထံကသိရသည်။

ပုံစာ- ကောလင်းမြို့ကို ထိန်းချုပ်လိုက်ပြီး ၂၀၂၃ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က ပြည်သူ့တော်လှန်ရေး အလံလွှင့်ထူထားစဉ်

#​ကောလင်း #စစ်​ကောင်စီ #အင်အားအလုံးအရင်းသုံး #ထိုးစစ်ဆင် #​လေ​ကြောင်းတိုက်ခိုက် #Ayeyarwaddy_Times