
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ တပ်ရင်းအားလုံးကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA ထံ လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၅ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ မင်းပြား ခမရ- ၃၇၉ မှ တပ်ရင်းမှူးအပါအဝင် အရာရှိစစ်သည်များ AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို မခံနိုင် တော့ဘဲ လက်နက်ချအညံ့ခံခဲ့ကြောင်းသိရသည်။
“ညကတည်းက ခမရ ၃၇၉ကိုသိမ်းလိုက်တာ။ တပ်ရင်းမှူးလည်း ဒဏ်ရာရထားတယ် ကျန်တဲ့တပ်ဖွဲ့ဝင်တွေလည်း ဆက်မတိုက်နိုင်တော့လို့ လက်နက်ချအညံ့ခံလိုက်ကြတာ” ဟု AAစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
မင်းပြားရှိ ခမရ- ၃၇၉ နှင့် ခမရ-၅၄၁ မှ တပ်ရင်းမှူး၊ အရာရှိစစ်သည်များ၊ တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များအပြင် မင်းပြားမြို့ပေါ်ရှိ စစ်ဘက်ဆိုင်ရာ ဌာနများမှအရာရှိများအပါအဝင် စုစုပေါင်း ၁၀၀ကျော်ခန့် AA ထံ အညံ့ခံ ခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီ ၆ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ဒဏ်ရာရ တပ်ဖွဲ့ဝင်များနှင့် စစ်တပ်မိသားစုဝင် ၁၀၀ခန့်ကို ကားလေးစီးဖြင့် AAက စတင်ရွှေ့ပြောင်းပေးလျက် ရှိကြောင်းသိရသည်။
“မြို့ထဲကနေ ဒဏ်ရာရ စစ်သားတွေနဲ့ မိသားစုဝင်တချို့တဝက်ကို တပ်တော်က စရွှေ့ပေးနေတယ်ပြောတယ်။ ကားအကြီး လေးစီးနဲ့သယ်သွားတာ။ တပ်တော်ကား တစ်စီးက အနောက်ကစောင့်ကြပ်ပြီးလိုက်သွားတယ်” ဟု မင်းပြားဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မင်းပြားမြို့နယ်တွင် စစ်ကောင်စီ၏ ကျိန်းတောင်စခန်း၊ ခမရ-၃၇၉၊ ခမရ-၃၈၀နှင့် ခမရ -၅၄၁ တပ်ရင်းတို့ရှိပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်နေ့က ခမရ ၃၈၀ကို AAက သိမ်းပိုက်နိုင်ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။
ကျိန်းတောင်စခန်းကိုလည်း ဇန်နဝါရီနောက်ဆုံးအပတ်တွင်းတွင်ပင် AA က သိမ်းယူနိုင်ခဲ့ ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။
ထို့နောက် ကျန်ရှိနေသည့် တပ်ရင်းနှစ်ခုကို ယမန်နေ့ ဖေဖော်ဝါရီ ၅ရက်နေ့ညက သိမ်းယူပြီး စစ်ကောင်စီအရာရှိများနှင့် တပ်ဖွဲ့ဝင်များအားလုံး လက်နက်ချ အညံ့ခံခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် မင်းပြားမြို့တွင် စစ်ကောင်စီ၏ တိုင်းဗဟို အမှတ် (၉) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက-၉ တစ်ခုသာကျန်ရှိမည်ဖြစ်ပြီး အဆိုပါ တတက-၉ အတွင်းရှိ အရာရှိများ၊ အရာရှိမိသားစုဝင်များနှင့် သင်တန်းသား များမှာ ဇန်နဝါရီ ၃၁ရက်နေ့က စစ်တွေမြို့ပေါ်သို့ Mi -17 ရဟတ် ယာဉ်ဖြင့် ပြောင်းရွှေ့ ထွက်ပြေးသွားပြီဖြစ်သည်။
ပုံစာ- တောင်ရှည်တောင်ကို AA သိမ်းပိုက်ထားစဥ်(ပုံဟောင်း)
#မင်းပြား #စစ်ကောင်စီ #တပ်ရင်းအားလုံး #လက်နက်ချအညံ့ခံ #Ayeyarwaddy_Times