ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့နယ်များရှိ စစ်ကောင်စီ၏ တပ်ရင်း နှစ်ခု ကို ရက္ခိုင့်တပ်တော် (AA) က ထပ်မံသိမ်းယူခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ ကျောက်တော်အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွက်မှုဌာန (စကခ -၉) လက်အောက်ခံ ခြေမြန်တပ်များဖြစ်သည့် ခမရ-၃၇၆ တပ်ရင်းကို ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရက္ခိုင့်တပ်တော် (AA) က သိမ်းယူခဲ့ပြီး မြောက်ဦးရှိ ခမရ-၃၇၈ကို ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ထပ်မံသိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ညီနောင် မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြား၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များမှ လက်နက်မချဘဲခုခံတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို AA က ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်ကလည်း ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် အမ်းမြို့နယ်တို့တွင် ထိတွေ့တိုက်ပွဲပြင်းပြင်းထန်ထန် မရှိသော်လည်း ရေကြောင်းမှနေ၍ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်နေ့ကတည်းက စတင်တိုက်ခိုက်ခဲ့သည့် မောင်တောရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်း တောင်ပြိုလက်ယာနှင့် တောင်ပြိုလက်ဝဲစခန်းတို့မှာလည်း တောင်ပြိုလက်ယာကိုရရှိသိမ်းပိုက်နိုင်ခဲ့ပြီး ကျန်နေသည့် တောင်ပြိုလက်ဝဲစခန်းကို ဆက်လက်တိုက်ခိုက်လျက်ရှိရာ ယ​နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက်ပိုင်းတွင်း ရရှိခဲ့ပြီဖြစ်​ကြောင်း AA စစ်​ရေးသတင်းရင်းမြစ်ထံက သိရသည်။

အဆိုပါ နယ်ခြားစောင့်စခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ကစဉ့်ကလျားဝင်ရောက် ထွက်ပြေးကြသည်မှာ တပ်ဖွဲ့ဝင်ပေါင်း ၁၀၀ နီးပါးရှိပြီဖြစ်ကြောင်း သိရသည်။

ကျောက်တော်အခြေစိုက် စကခ-၉ လက်အောက်တွင် စစ်ကောင်စီ တပ်ရင်း ကိုး ရင်းရှိပြီး ရက္ခိုင့်တပ်တော် (AA) က တပ်ရင်း ခြောက်ရင်း အထိ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။

#ကျောက်တော် #မြောက်ဦး #စစ်ကောင်စီ #စကခ၉လက်အောက်ခံ #ခမရ၃၇၆ #ခမရ၃၇၈ #AAတိုက်ခိုက် #Ayeyarwaddy_Times