နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်တော်ကျေးရွာ နဂါးတွင်းကျေးရွာနှင့် ဘုဘကျေးရွာများသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်အရာရှိ တစ်ဦးအပါဝင် သုံးဦးသေဆုံးကာ ပျူစောထီး ၁၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
စစ်ကောင်စီတပ်နှင့် တောပုကျေးရွာမှ ပျူစောထီးအဖွဲ့များပါဝင်သည့် စစ်ကြောင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက ရွာစဥ်ပတ်၍  လုယက်နေခြင်းဖြစ်ပြီး အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“အင်အားကတော့များတယ်ဗျ။ ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းမှာ လယ်တော်ရွာ ကနေ နဂါးတွင်းကျေးရွာအထွက်မှာ ချောင်းမြောင်းတိုက်ခိုက်ခဲ့တာ။ နှစ်ပွင့်နဲ့ စစ်ဗိုလ် အပါဝင် စစ်သား သုံးဦးသေတယ်။ တောပုရွာကပါလာတဲ့ ပျူစေားထီးတွေ အများကြီးပဲ ထိခိုက်ဒဏ်ရာတွေရတယ်” ဟု  မြေပြင်တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက  ဧရာဝတီတိုင်းမ် ကိုပြောသည်။
ထိုသို့ ကြားဖြတ်တိုက်ခိုက်ခံရခြင်းကြောင့် အဆိုပါစစ်ကောင်စီ စစ်ကြောင်းသည် ဖေဖော်ဝါရီ ၅ ရက်နေ့တွင်   လယ်တော် ကျေးရွာနှင့် နဂါးတွင်းကျေးရွာတို့ကို ဝင်ရောက် စီးနင်းမှုများ လုပ်ဆောင်ခဲ့၍  ဒေသခံပြည်သူ ၁၀၀၀ ကျော်မှာ ဘေးလွတ်ရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း  မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း (၂၃) ၊  အမဲလိုက်သိမ်းငှက် ပြည်သူ့ ကာကွယ် ရေးတပ်ကျားညီနောင်(DLC)၊ ဒီမိုကရက်တစ်ဒေသခံတပ် မုံရွာခရိုင်တပ်ရင်း (၂၅)၊  မုံရွာ ခရိုင်တပ်ရင်း(၇) တော်လှန်ရေးတပ်ဖွဲ့များက  ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ပုံစာ- စစ်ကောင်စီတပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ
#မုံရွာမြိုနယ် #စစ်ကြောင်းထိုးဝင်ရောက် #စစ်ကောင်စီတပ် #ပျူစောထီးအဖွဲ့  #ကြားဖြတ်တိုက်ခိုက် #အရာရှိ #၃ဦးသေဆုံး #Ayeyarwaddy_Times