
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ တောင်ပြိုလက်ယာဗျူဟာကုန်းနှင့် တောင်ပြိုလက်ဝဲ ဗျူဟာကုန်းနှစ်ခုလုံးကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက် ရယူနိုင်ခဲ့ကြောင်း သိရသည်။
တောင်ပြိုလက်ဝဲဗျူဟာကို ယနေ့ ဖေဖော်ဝါရီ ၆ရက်နေ့ နေ့လယ် ၁၂နာရီခန့်က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကာ တောင်ပြိုလက်ယာဗျူဟာကို ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ရရှိထားခြင်း ဖြစ်ကြောင်း AA စစ်ရေးသတင်းရင်း မြစ်ထံက သိရသည်။
“ဖေဖော်ဝါရီ ၄ ရက်နေ့စတိုက်ကတည်းက စစ်ကောင်စီဘက်က အကျအဆုံး များတယ်။ မသေဘဲကျန်တဲ့သူတွေကလည်း နယ်စပ်ဖြတ်ပြီး ပြေးကုန်ကြတာ။ ဒီနေ့အထိ ပြေးကြတုန်းပဲ။ တပ်တော်ကတော့ စခန်းနှစ်ခုလုံးကို သိမ်းလိုက်ပါပြီ” ဟု AA စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရက္ခိုင့်တပ်တော် AA သည် ပြီးခဲ့သည့်ရက်ပိုင်း ဖေဖော်ဝါရီ ၄ရက်က စတင်၍ မောင်တောရှိ စစ်ကောင်စီ၏ တောင်ပြို လက်ယာနှင့် လက်ဝဲစခန်းကုန်းများကို တပြိုင်နက် ထိုးစစ်ဆင်၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက အကျအဆုံးများပြီး တပ်သားအချို့မှာ နယ်စပ်ကိုဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက် ထွက်ပြေးသွားကြောင်းသိရသည်။
ယနေ့ တွင်လည်း တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထပ်မံဝင်ပြေးခဲ့သည့်အတွက် ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၉ ဦး အထိရှိပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများတွင် ဖော်ပြထားသည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် AA က မောင်းတောတွင် ကျန်ရှိနေသော ကြိမ်ချောင်း တပ်မ၊ ခမောင်းဆိပ်ဗျူဟာ၊ အောင်သပြေအထိုင်စခန်း၊ သမန်းသား အထိုင်စခန်း၊ ရန်အောင်ပြင်စခန်းတို့ကို ပိတ်ဆို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ပုံစာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ
#မောင်တော #တောင်ပြိုလက်ယာ #တောင်ပြိုလက်ဝဲ #AA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times