
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့အနီးရှိ ကျေးရွာများမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူး များကို စစ်ကောင်စီတပ်မှ စစ်သင်တန်းတက်ခိုင်းသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့ဝင် ၃၀ဦးထက်မနည်း နှုတ်ထွက်မှုရှိခဲ့ကြောင်း သတင်းရရှိသည်။
ကန်ကြီးထောင့်မြို့အနီးရှိ သရက်ချောင်း၊တံခွန်တိုင်၊ ညောင်ကုန်း ၊ရွေး၊ကျူတန်းနှင့်ဖန်ခါးကုန်း စသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်နေ့ကစပြီး နှစ်ပတ်ကြာ စစ်သင်တန်း တက်ရောက်ခိုင်းခဲ့ကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များထံကသိရသည်။
“ မြို့အနား ရွာအကုန်ကအုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေရယ် ဆယ်အိမ်မှူးတွေပါစစ်သင်တန်းတက်ခိုင်းတာ။ အရင်နှစ်ကလည်းတခါခေါ်လို့သွားရသေးတယ်။အဲတာကိုမရဘူးနောက်တခါထပ်တက်ခိုင်းတာပေါ့။ အခု အုပ်ကြီးကအစ ရာအိမ်မှူးတွေပါ နှုတ်ထွက်စာတင်ကုန်တယ်။ ကျွန်တော်လည်းတင်ထားတယ်”ဟု အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် (၃၀) ဦးထက်မနည်းမှာ မြို့နယ်စစ်ကောင်စီရုံးထံသို့ နှုတ်ထွက်စာတင်ထားကြောင်း နှုတ်ထွက်စာတင်ထားသည့်ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များကပြောဆိုသည်။
“အုပ်ချုပ်ရေးမှူးအနေနဲ့နှုတ်ထွက်စာတင်ထားတယ်။ စစ်သင်တန်းအကြောင်းပြပြီးတော့ ရွာထဲကလူငယ်အင်အားတောင်းတာမပေးနိုင်တော့ ကိုယ်တိုင်တက်ခိုင်းတယ်ပေါ့။အဲဒါနဲ့ သင်တန်းမတက်နိုင်ဘူးဆိုပြီးတော့ မြို့နယ်ထွေအုပ်ရုံးကိုနှုတ်ထွက်စာတင်ထားလိုက်တယ်။အခြားရွာတွေမှာလည်းအတူတူပဲ။ တော်တော်များများ နှုတ်ထွက်စာတင်ကြတာအများကြီးပဲ”ဟု နှုတ်ထွက်စာတင်ထားသည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကဆိုသည်။
အလားတူ ကန်ကြီးထောင့်မြို့နယ်တွင်လည်း ပြီးခဲ့သည့်ဇန်နဝါရီလ ဒုတိယအပတ်အတွင်းကလူငယ်၁၀၀ ကျော်ကို ပုသိမ်အခြေစိုက် ခလရ(၃၈)မှ အခြေခံစစ်သင်တန်း တစ်လခွဲကြာတက်ရောက်ရန် စည်းရုံးခဲ့ကာ သင်တန်းမတက်ရောက်သူများကို တစ်အိမ်လျှင် ငွေတစ်သောင်းကျပ်ကောက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
#ကန်ကြီးထောင့် #ရပ်ကျေးအုပ်ချုပ်ရေး
#စစ်သင်တန်း #Ayeyarwaddy_Times