ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ အတွင်းရှိကျေးရွာများတွင် စစ်‌ကောင်စီတပ်နှင့်ရှမ်းနီအမျိုးသား တပ်မတော် (SNA) တပ်ဖွဲ့ဝင်များပူးပေါင်း၍ ဒေသခံပြည်သူများကို SNA တပ်ဖွဲ့ထဲသို့ဝင်ရောက်ရန် အဓမ္မလူသစ်စုဆောင်းနေကြောင်း ဒေသခံများထံက သိရသည်။

ယခု ဖေဖော်ဝါရီလအတွင်း SNA ၏ လူသစ်စုဆောင်းခြင်း ခံနေရသည့် မော်လိုက်မြို့နယ်အတွင်းရှိ ကျေးရွာများမှာ တွန်းပင်ရွာ၊ မော်လိုက်ကလေးရွာ၊ မော်ကူးရွာ၊ တပ်ကုန်းရွာ၊ ယူးဝရွာ၊ ပန်းသာရွာ၊ ဝါးရုံသာရွာ၊ ဝဲကသာရွာ၊ လက်ပံရွာ ရွှေလင်းတ စသည့် ကျေးရွာများဖြစ်ကြောင်း ဒေသခံများထံကသိရသည်။

“သူတို့(SNA)တပ်ဖွဲ့ထဲ ဝင်ဖို့မကြာခဏ လူသစ်တွေလာလာစုကြတယ်။ လူမရရင် အမြဲတမ်းခြိမ်း‌ခြောက် ရန်ရှာတယ်။ လက်နက်တွေနဲ့ဆိုတော့ သူတို့ကို ကြောက်ရတယ်။ မကြာခဏစစ်ဘေးရှောင်ရတာနဲ့ လူသစ်တွေ လာစုတော့ သူတို့ကြောက်လို့‌‌ရှောင်နေရတာနဲ့ ကြာလာတော့ လူတွေလည်း ဒုက္ခရောက်ရတယ်။ တစ်ချို့ကတော့ သူတို့အထဲမလိုက်ချင်တော့ ခဏရှောက်နေကြတယ်။ ရှမ်းနီတွေက တစ်နေ့တခြား တော်တော်လေးကိုဆိုးလာတယ်” ဟု မော်လိုက်မြို့နယ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အလားတူ ယခု ဖေဖော်ဝါရီလအတွင်းတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာအနီးရှိ ‌ဒေသခံများကိုလည်း ရှမ်းနီအမျိုးသား တပ်မတော် (SNA) တပ်ဖွဲ့ဝင်များက SNA တပ်ဖွဲ့ထဲသို့ဝင်ရန် ကျေးရွာများတွင် လှည့်လည်၍ အဓမ္မ လူသစ်စုဆောင်းနေကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသားတပ်မတော် (SNA)က တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဓမ္မလူသစ်စုဆောင်းမှုကြောင့် ယာယီထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများလည်း ရှိနေကြောင်း သိရသည်။

အဆိုပါ ရှမ်းနီအမျိုးသား တပ်မတော်(SNA)ကတပ်ဖွဲ့ဝင်များသည် ဟုမ္မလင်းအခြေစိုက် ခမရ-၃၆၉ မှ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် ပူးပေါင်းကာ ချင်းတွင်းမြစ်အတွင်း သွားလာနေသည့် ရေယာဥ်များကို မကြာခဏဆိုသလို အဓမ္မ ဆက်ကြေးတောင်းယူလေ့ရှိကြောင်း ဒေသခံများကဆိုသည်။

#မော်လိုက်မြို့ #စစ်ကောင်စီတပ် #ရှမ်းနီတပ်မတော် #ဒေသခံများ #အဓမ္မလူသစ်စုဆောင်း #Ayeyarwaddy_Times