
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၆ ရက်
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) နှင့် မဟာမိတ်အဖွဲ့တို့ ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့နယ်ကို အာဏာသိမ်း စစ်ကောင်စီက နေ့စဉ်ဆက်တိုက် လက်နက်ကြီး၊ လေယာဉ်များ ဖြင့် ပစ်ခတ်ဗုံးကြဲကာ အလုံးစုံဖျက်ဆီးရေး လုပ်ဆောင်နေပြီး ထွက်ပြေးလာသော စစ်ဘေးရှောင်များကိုပါ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခဲ့သဖြင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် PNLA ထံက သိရသည်။
ပအိုဝ်းဒေသဖြစ်သော ဆီဆိုင်၊ ဟိုပုံးမြို့နယ်တို့တွင် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစတင်၍ စစ်ကောင်စီတပ်၊ ၎င်းလက်အောက်ခံ ဦးအောင်ခမ်းထီ၏ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)တို့သည် အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသော PNLO/PNLA ၊ မဟာမိတ်အဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့ လက်လွတ်ဆုံးရှုံးရသည့် မြို့၊ ရွာများကို အလုံးစုံဖျက်စီးပစ်ရေး သဘောထားဖြင့် ဖျက်ဆီးနေသည်ဟု PNLA က ထုတ်ပြန်ပြောဆိုသည်။
စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)တို့သည် လက်နက် ကြီး၊ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲခြင်း၊ ဒေသခံများကို အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်းတို့အပြင် ဖေဖော်ဝါရီ ၅ ရက်ကလည်း ဆီဆိုင်မြို့နယ်၊ နောင်အယ်ရွာမှ ဆိုက်ခေါင်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် အသက် (၅၀)နှစ်အရွယ် ဒေသခံအမျိုးသား ဦးခွန်ဩကို ဆီဆိုင်မြို့မြောက်ဘက်၌ ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့ကို ပြန်လည်ရရှိရေးအတွက် လက်နက်အင်အား၊ လူအင်အား ဖြည့်တင်း၍ လက်နက်ကြီး၊ လေကြောင်းအား အဓိကအသုံးပြု တိုက်ခိုက်လျက်ရှိသလို တိုက်ပွဲကြောင့် ထွက် ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကိုလည်း ပစ်မှတ်ထားနေကြောင်း သိရသည်။
ထို့အပြင် ဆီဆိုင်မြို့အတွင်းရှိ ဟိုခဲဘုန်းကြီးကျောင်းကိုလည်း ဖေဖော်ဝါရီ ၄ ရက်မှစ၍ စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA)တို့က လက်နက်ကြီး၊ ဒရုန်းဗုံးများဖြင့် ပစ်ခတ်ဖျက်စီးခဲ့သ လို မြို့အနောက်ဘက်ရှိ မုဲင်းဟုဲင်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌လည်း ခံတပ်စခန်းအဖြစ်တပ်စွဲကာ ဒေသခံများ၏ ကြက်၊ ဝက်၊ နွား စသည့်တိရိစ္ဆာန်များကို လုယက်ခိုးယူပြီး ဘုန်းကြီးကျောင်းအတွင်း သတ်ဖြတ်စား သောက်ကြကြောင်း PNLA က ဆိုသည်။
ယင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေယာဉ်များဖြင့် ပစ်ခတ်ဗုံးကြဲမှုကြောင့် မြို့ဂုဏ်ဆောင် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက်အဦးအချို့ ပျက်စီးခဲ့ရပြီး ဘုန်းကြီးကျောင်း ငါး ကျောင်း၊ ဓမ္မာရုံ တစ်ခု၊ ဘုရား ရှိခိုးကျောင်း တစ်ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းနှင့် ဒေသခံများ၏ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် မလိုလားသည့် ထိခိုက်မှုများ မဖြစ်ပေါ်စေရန် ပြည်သူများအနေဖြင့် မြို့အတွင်းသို့ ဝင်ရောက်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်း၊ စစ်ကောင်စီစခန်းအနီးတွင် သွားလာနေထိုင်ခြင်းများ မပြုလုပ်ဘဲ သတိဝီရိယနှင့် ဘေးကင်း လုံခြုံရာတွင် နေထိုင်ကြရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA)က အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ-PNLA
#ဆီဆိုင်မြို့ #အလုံးစုံဖျက်ဆီး #စစ်ကောင်စီတပ် #စစ်ဘေးရှောင်၁ဦး #ဖမ်းဆီးရိုက်နှက်သတ်ဖြတ် #Ayeyarwaddy_Times