
ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
ရခိုင်ပြည်နယ်၊ မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ် စပ်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းတောင်ပြိုလက်ယာကို ရက္ခိုင့်တပ်တော် ( AA ) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါနယ်စပ်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်း တောင်ပြို လက်ဝဲနှင့် တောင်ပြိုလက်ယာစခန်းနှစ်ခုကို ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းမှစတင်၍ AA က တပြိုင်နက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ညနေ ၆ နာရီ အချိန်တွင် တောင်ပြိုလက်ယာစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။
တောင်ပြိုလက်ယာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အများအပြားသေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းများ၊ လက်နက်ခဲယမ်းအမြောက်အများနှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းအမြောက်အများကို ရက္ခိုင့်တပ်တော် (AA) က သိမ်းဆည်းရမိခဲ့ပြီး AA ဘက်မှလည်း စစ်သည်အချို့ကျဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်ပြိုလက်ယာစခန်းနှင့် တောင်ပြိုလက်ဝဲစခန်းတို့ ကို AA က ၀င်ရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီ၏ နယ်ခြားစောင့်ရဲနှင့် စစ်ကောင်စီတပ်ဖွဲ့၀င် စုစုပေါင်း ၆၀ ကျော်သည် ဒဏ်ရာအများအပြားရရှိခဲ့ပြီး နယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုး၀င်၍ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း AA ကထုတ်ပြန်ထားသည်။
ယမန်နေ့ တိုက်ပွဲဖြစ်ပွားသည့် နံနက်ပိုင်းအချိန်မှစ၍ ညနေရောက်သည်အထိ စစ်ကောင်စီတပ်ဖွဲ့၀င်များ နယ်စပ်မှဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ကိုယ်လွတ် ရုန်း ထွက်ပြေးလာသည့် ဗီဒီယိုဖိုင်များ၊ ဒဏ်ရာရရှိထားသူများကို ထမ်းပိုးချီမ၍ ထွက်ပြေးလာသည့်ပုံများကို ရခိုင်နှင့် ဘင်္ဂ လားဒေ့ရှ်နယ်စပ်ရှိ ဒေသခံများက လူမှုကွန်ရက်တွင်ပြန်လည် ဖြန့်ဝေထားသည်။
နယ်စပ်မှဖြတ်ကျော် ထွက်ပြေးသွားသည့် ရဲများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရိုဘင်ခရိုင် နတ်ကျောက်ဆရီမြို့တွင် ထိန်းသိမ်းထားပြီး လက်နက်များဖြုတ်သိမ်းထားကြောင်း ဘင်္ဂလားနယ်ခြားစောင့်တပ် BGB ၏ ပြည်သူ့ဆက်ဆံရေးအရာရှိ Shariful Islam က ယမန်နေ့ညပိုင်းတွင် The Daily Star ကိုဖြေ ကြားခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားပြီးနောက် တောင်ပြိုလက်ယာစခန်းကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ေနသည့် တောင်ပြိုလက်ဝဲ စခန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်နေ၍ စစ်ကောင်စီသည် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြန်လည် ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ပုံစာ- ဘင်္ဂလားဒေ့ရှ်သို့ ဝင်ရောက်ထွက်ပြေးသွားသော ထိခိုက်ဒဏ်ရာရရှိထားသည့် ရဲနှင့်စစ်ကောင်စီတပ်သားများ
#ရခိုင်#မောင်တော #နယ်ခြားစောင့်စခန်း #တောင်ပြိုလက်ယာ #ဘင်္ဂလားဒေ့ရှ် #စစ်ကောင်စီတပ်ဖွဲ့ဝင်များ #ထွက်ပြေး #Ayeyarwaddy_Times