ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာတွင်ပါဝင်သော အမျိုးသမီးများ၏ ကြံကြံခံနိုင်မှုနှင့်အတူ ရဲရင့်မှုရုပ်ပုံ လွှာများကို ပန်းချီဆရာမခြူးဝေက ချိတ်ထဘီစများပေါ်တွင် ပန်းချီရေးဆွဲကာ တစ်ကိုယ်တော်အနုပညာပြပွဲအဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ BACC Curved Wall တွင် ဇန်နဝါရီ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ခင်းကျင်းပနေကြောင်း သတင်းရရှိသည်။

လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသာ စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ကာ ဒီမိုကရေစီ အတွက်တိုက် ပွဲဝင်နေကြသူနှင့် ထပ်တူရှိပြီး အမျိုးသမီးများ၏ ကြံ့ခံခိုင်မှု၊ ခံနိုင်ရည်ရှိမှုနှင့် မခံချင်စိတ်ကို မီးမောင်းထိုးပြသည့်တွန်းအားပေး လှုံ့ဆော်မှုပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။

” ပြပွဲကိုလာတဲ့သူတွေက ထိုင်းလူမျိုးတွေနဲ့တခြားနိုင်ငံခြားသားတွေလည်းတွေ့ရတယ်။ ဒီလိုလာကြည့်တော့ ပန်းချီကနေတဆင့် နွေဦးတော်လှန်ရေးအကြောင်းသိသွားကြတယ်။ အဲဒီပန်းချီကားတွေကနေ အမျိုးသမီးတွေရဲ့ တော်လှန်ရေးမှာ အရေးပါပုံတွေတွေ့ရလို့ ဒီလိုပန်းချီပြပွဲတွေလုပ်တာကလဲ တော်လှန်ရေးအတွက် တဖက်တလမ်းက‌နေ ထောက်ပံ့ရာရောက်တယ်လို့ခံစားရတယ် ” ဟု ပန်းချီပြပွဲရောက်သူ လူငယ်တစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြသထားသည့်ပန်းချီလက်ရာများတွင် ချိတ်ထဘီနှင့် ချည်ထည်များကို ပိတ်သားပန်းချီ ( canvas) အဖြစ်အသုံးပြုပြီး မြန်မာ့ရိုးရာအထည်များ၊ လက်ယက်ထည်များ၊ ခေတ်ဟောင်းဓာတ်ပုံများအပါအဝင် သတင်းစာများကိုဖြတ်ညှပ်ကပ်အသုံးပြုထားသော ပန်းချီကားများဖြစ်ကြောင်း သိရသည်။

ယင်းပြင်အာဏာပိုင်များနှင့် အာဏာရှိသူများ၏ ပညာရေး၊ ဘာသာရေးနှင့်ရိုးရာစံနှုန်းများမှတဆင့် ဖိုဝါဒလွှမ်းမိုးသောစနစ်များကို ပြောင်းလဲရန်အပါအဝင် လွတ်လပ်၍တရားမျှတသည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ပေါ်ပေါက်ရန်ရည်ရွယ်ကြောင်း သိရသည်။

ပန်းချီဆရာမ ခြူးဝေသည် သရုပ်ပြတင်ဆက်မှုအနုပညာရှင် ( Performance Artist ) နှင့် နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာမှုကိုဆန့်ကျင်ပြီးနောက် ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ခိုလှုံနေထိုင်လျှက်ရှိသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ခြူးဝေ #တစ်ကိုယ်တော်ပြပွဲ #အာဏာသိမ်းမှုသုံးနှစ် #ချိတ်ထဘီ #ဘန်ကောက်မြို့ #Ayeyarwaddy_Times