
ဧရာဝတီတိုင်းမ်
(သံတောင်ကြီး)၊ ဖေဖော်ဝါရီ ၅ ရက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ဝောာ်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ၃ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါတိုက်ပွဲအတွင်း လိပ်သိုဗျူဟာလက်အောက်ခံ မိုင်းလွန် ပင်မစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြာင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထံက သိရသည်။
အဆိုပါ ၃ ရက်တာတိုက်ပွဲအတွင်း မိုင်းလွန်ပင်မစခန်းကို စခန်းသိမ်းပိုက်နိုင်ခဲ့သည့်အပြင် မီးရှို့ဖျက်ဆီးထားသည့် စစ်ကောင်စီတပ်သား အလောင်း ခုနှစ် လောင်းအပါအဝင် တပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးခဲ့ပြီး ရိက္ခာများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ၁ ရက်နေ့တည်းကစဖြစ်တာ။ ၄ ရက်နေ့မှာ စခန်းသိမ်းပိုက်နိုင်ခဲ့တာ။ တိုက်ပွဲကတော့ပြင်းထန်တယ်။ စစ်တပ်ကလေကြာင်းကနေ တိုက်ခိုက်တာတွေလည်း လုပ်ခဲ့တယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လိပ်သို တိုက်ပွဲအတွင်း ဖေဖော်ဝါရီ ၂ ရက်နေ့လည်း လိပ်သိုမြို့ပေါ်ရှိ လိပ်သိုရဲစခန်းကို တော်လှန်ရေးပူးပါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်။
ဖေဖော်ဝါရီ ၁ ရက်မှ စတင်သည့် မိုင်းလွန်ကျေးရွာအနီး နှစ်ဖက်တိုက်ပွဲအတွင်း စစ် ကောင်စီက ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြာင့် အဆိုပါ နေ့တွင်ပင် ဒေသခံ ငါးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး မိုင်းလွန်ရွာ၊ ကော်ပတ်ခြံရွာ၊ ဇလဲရွာများမှ နေအိမ်တချို့ထိခိုက်ပျက်စီးကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
လိပ်သိုမြို့ရှိ မိုင်းလွန်ပင်မ စခန်းသိမ်းတိုက်ပွဲကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနတို့ ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း NUG ထံကသိရသည်။
ဓာတ်ပုံ – ကာကွယ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ။
#သံတောင်ကြီး #လိပ်သိုမြို့ #မိုင်းလွန်ပင်မစခန်း #စခန်းသိမ်းပိုက်နိုင် #စစ်ကောင်စီသေဆုံး #Ayeyarwaddy_Times