ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ကို ပြန်လည်ရရှိရေးအတွက် အင်အား အလုံးအရင်းနှင့် ပိတ်ဆို့ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ယမန်နေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှစတင်ကာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များကို ဖြတ်တောက်တားဆီးထားနိုင်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ရက် ညပိုင်းကစတင်၍ ကောလင်းမြို့ဝန်းကျင်ကို စစ်ကြောင်းလေးကြောင်းခွဲ၍ ဝင်ရောက်လာသည့်အတွက် ယင်းနေ့ညမှ စတင်၍ ယမန်နေ့ တစ်နေ့လုံးတိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားလျက်ပင်ရှိကြောင်း ကောလင်းခရိုင် အမှတ်(၂) တပ်ရင်းထံက သိရသည်။

“ကောလင်းတိုက်ပွဲက မနေ့ကတော့ ရလဒ်ကောင်းပါတယ်။ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ထုတ်ထားလို့ ရှေ့ဆက် မတက်နိုင်ဘူးဖြစ်နေတယ်။ ဒီနေ့တော့စစ်ရေး အတော်တင်းမာနေတယ်” ဟု ကောလင်း ကျွန်းလှခုံရှိ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီတပ်များသည် ကောလင်းမြို့သို့ဝင်ရောက်နိုင်ရန်အတွက် ယနေ့ နေ့လယ် ၁၁နာရီ ၅၅မိနစ်ခန့်က ဝန်းသိုမှ ကောလင်းမြောက်ခြမ်းသို့ အင်တပင် အောင်းကုန်းသို့စစ်ကြောင်းတစ်ကြောင်း၊ ဇီးဖြူရွာတွင်စစ်ကြောင်းတစ်ကြောင်း၊ အလယ်ခုန်ရွာနှင့် ဥသျှစ် ခုန်ရွာကြားတွင် စစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်း ထိုးလာကြောင်းသိရသည်။

ထို့အပြင် ကိုးတောင်ဘို့ဘက်မှနေ၍ ဝါးရုံခုန်ရွာတွင် စစ်ကြောင်းတစ်ကြောင်း၊ ဆီဆုံရွာတွင် စစ်ကြောင်းတစ်ကြောင်းနှင့် လှည်းပွဲရွာတွင် စစ်ကြောင်းတစ်ကြောင်းဖြင့် အင်အား ၈၀၀ကျော်နှင့် ကောလင်း တောင်နှင့်မြောက်ကို ညှပ်ပိတ်ကာ စစ်ကြောင်း ထိုးလာကြောင်း ကောလင်းခရိုင် တပ်ရင်း(၂)ထံက သိရသည်။

ယနေ့ နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီ၏ ကန့်ဘလူ တင့်ကားတပ်ရင်း (၆၀၀၆) အတွင်းမှ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်(ပျူ)များကို စစ်ကားအကြီး သုံးစီးဖြင့် ကန့်ဘလူမြို့တွင်းသို့ တင်ဆောင်၍ ကန့်ဘလူ ဘောလုံးကွင်းအတွင်းသို့ စစ်ကားနှစ်စီးကို မောင်းသွင်းလာကာ အင်အားအပြည့်ဖြင့် အသင့်အနေအထား ပြင်ဆင်နေကြကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ ထံက သိရသည်။

ယမန်နေ့က ကောလင်းကြခတ်အိုင်ရွာမှ ဒေါင်းမြူးချောင်းကိုကျော်၍ကောလင်းသို့ ဝင်ရန်ကြိုးစားနေသည့် စစ်ကောင်စီအဖွဲ့များကို တော်လှန်ရေးတပ်ဖွဲ့များက တားဆီး တိုက်ခိုက်လိုက်သည့်အတွက် မြို့တွင်းသို့ မဝင်နိုင်ဘဲ စစ်ကောင်စီတပ်က ကြခတ် အိုင်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

စစ်ကောင်စီသည် ဝန်းသို၊ ကိုးတောင်ဘို့၊ ကန့်ဘလူနယ်များသို့ လေယာဥ်များပါသုံး၍ အင်အားအလွန်အကျွံ ဖြည့်တင်းနေပြီး စိုက်ပျိုးရေးတပ်နှင့် ဦးဝါသဝ၏ပျူစောထီး အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ပျူ) များကိုပါ ကောလင်းတိုက်ပွဲအတွင်း အင်အားဖြည့်တင်း တိုက်ခိုက် ခိုင်းလျက်ရှိကြောင်းသိရသည်။

ပုံစာ- ကောလင်းသို့ ဝင်ရောက်ရန်ပြင်နေသည့် ဦးဝါသဝ၏ ပျူစောထီးအဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ
#ကောလင်းမြို့ #စစ်ကောင်စီ #အင်အားအလုံးအရင်း #ပိတ်ဆို့တိုက်ခိုက် #တော်လှန်ရေးတပ်ဖွဲ့များ #ပြန်လည်တိုက်ထုတ် #Ayeyarwaddy_Times