
ဧရာဝတီတိုင်းမ်
(ဒီးမော့ဆို)၊ ဖေဖော်ဝါရီ ၅ ရက်
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း၊ ညလဲကျေးရွာအုပ်စု၊ ဒေါစီကြီး ကျေးရွာရှိ အလယ်တန်းကျောင်းတစ်ခုကို ယနေ့ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးများဖြင့် ဗုံးကြဲချကာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်ရှိ အလယ်တန်းကျောင်းတစ်ခုကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကြားနေသည့် ကျောင်းသား လေး ဦး သေဆုံးခဲ့ပြီး ဆယ်ဦး ဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒေါစီကြီး ကျေးရွာထဲမှာရှိတဲ့ စာသင်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးလာကြဲချခဲ့တယ်။ တိုက်ပွဲဖြစ်ပွားတာမဟုတ်ဘဲနဲ့ လာပြီးတော့ ဗုံးလာကြဲတာ ဖြစ်ပါတယ်။ ကလေးတွေ စာသင်နေတဲ့အချိန်မှာ ဒါစာသင်ကျောင်းကို ရည်ရွယ် ချက်ရှိရှိနဲ့ လာရောက် တိုက်ခိုက်တာဖြစ်ပါတယ်။ ဗုံးထိမှန်မှုကြောင့် ကလေးသူငယ် လေးဦးသေဆုံးသွားတယ်။ ဆယ်ဦးကျော်ဒဏ်ရာရတယ်။ ပြီးတော့ ကျောင်းဆောင် တွေလည်းပျက်စီးခဲ့တယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ဗုံးကြဲတိုက်ခိုက်ခံရသည့် အလယ်တန်းကျောင်းသည် ကျောင်းသားဦးရေ ၂၀၀ ကျော်ရှိသည့် ကျောင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် ကျောင်းဆောင်အများစု ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်း တိုက်ခိုက်မှုများ မကြာခဏပြုလုပ်လေ့ရှိပြီး ဒေသခံ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်၊ ဒေါတမငယ်ရပ်ကွက်အနီးသို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ ဒေသခံ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကရင်နီ #ဒီးမော့ဆို #စာသင်ကျောင်း #ပေါင်၅၀၀ဗုံး #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #Ayeyarwaddy_Times