
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းမှ ထောင်ထားသည့် မြေမြှပ်မိုင်း နင်းမိပြီး အသက်မပြည့်သေးသည့် ကလေး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။
မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ မီးသတ်ကုန်းနား အိမ်ခြံဝန်းရှေ့ သန့်ရှင်းရေး လုပ်ဆောင်နေစဥ် ဖေဖော်ဝါရီ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် စစ်ကောင်စီက ထောင်ထားသည့် မိုင်းနင်းမိပြီး အသက် ၁၂ နှစ်အရွယ် ယောကျာ်းလေး တစ် ဦးသည် ကျောဘက်တွင် မိုင်းစထိမှန်ပြီး အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ် ဦးသည် ညာဘက်ခြေထောင်ပြတ်သွားကြောင်း သိရှိရသည်။
” အဲ့ခြံဝန်းထဲမှာ လူမနေတာ ကြာပြီး။ ခြံပတ်ဝန်းကျင်မှာ စစ်ကောင်စီက ခနတဖြုတ် စခန်းပုံစံမျိုး ချတာတွေရှိတယ်။ စစ်ကောင်စီ ဖြတ်သန်းသွားလာ လှုပ်ရှားတဲ့ နေရာလည်းဖြစ်တယ်။ မိုင်းကိုလည်း သူတို့ထောင်တာ ဖြစ်တယ်။ မနေ့က ခြံရှင်တွေက သန့်ရှင်းရေးလုပ်ကြတာဖြစ်တယ်။ အဲ့မှာ မိုင်းနင်းမိသွားတာ။ သူတို့ကို စစ်သားတွေက ဆေးကုပေးမယ်ဆိုပြီး ခေါ်သွားတယ် “ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုင်းနင်းမိသည့် ကလေး နှစ် ဦးကို အရေးပေါ် ဆေးကုသရန်ဟု ဆိုပြီး မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းဘက်သို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားပြီး အဆိုပါ မိုင်းသည် စစ်ကောင်စီ၏ ထောင်ထားသည့် မိုင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
စစ်တပ်အာဏာသိမ်းပြီး သုံး နှစ်တာ ကာလအတွင်း ချင်းပြည်နယ်တွင် မြေမြုပ်မိုင်းကြောင်း ချင်းလူမျိုး ၂၀ ကျော် သေဆုံးခဲ့ပြီး ၃၇ ဦးသည် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၏ မှတ်တမ်းအရ သိရှိရသည်။
#မင်းတပ် #မြေမြှုပ်မိုင်း #ကလေးနှစ်ဦးထိခိုက် #ဒဏ်ရာရ #Ayeyarwaddy_Times