
ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၅ ရက်
ဧရာ၀တီတိုင်းနှင့် ရခိုင်ပြည်နယ် ထိစပ်နေသော ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်၊ချောင်းသာ၊ငွေဆောင်၊ ငရုတ်ကောင်း၊မော်တင်လမ်းများတွင် စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီလ အစပိုင်းက စတင်ပြီး လုံခြုံရေးတိုးမြှင့်ကာ ကင်းပုန်းများ၀ပ်နေကြောင်း ဒေသခံများထံမှသိရှိရသည်။
“ညက ရေကြည်ဘက်က ရခိုင်ဘက်၀င်ပေါက် ရေနံသာဘက်မှာ စစ်ကားတွေနဲ့ အစစ်အဆေးတွေ ကြမ်းနေတယ် “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ် အစပ် အနောက်ဖက်ဗေဒါ ဒေါင်းကျောင်းဘက်များတွင် အ၀င်လမ်းများ ကို စစ်ကောင်စီကပိတ်ထားလိုက်ပြီးဂိတ်စခန်းများ ဖြစ်သော ရေနံ့သာဂိတ် ၊ အမှတ် ( ၃၄၄ ) အမြှောက်တပ်ဂိတ် ၊ ဗေဒါဂိတ် ၊ မြောက်စမ်းဂိတ် ၊ ဒေါင်းကျောင်းဂိတ် ၊ ဂွမြို့အဝင်ဂိတ်များကိုစစ်ကောင်စီတပ်ဖွဲ့၀င်များမှ ပိတ်ထားကြောင်း သိရသည်။
သာပေါင်းမြို့နယ်အတွင်း သစ်တောများတွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့စစ် အင်အား ၆၀ခန့်က ရခိုင်ရိုးမအစပ်တွင် ကင်းပုန်းများ၀ပ်နေပြီး လွန်ခဲ့သော ၇ရက်ခန့်က ရခိုင်ဘက်သို့ သွားရောက်မည့် ကုန်တင်ယာဥ်တစ်စီးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
စစ်ကောင်စီတပ်များသည် ရေကြည်၊ ကြံခင်း၊မြန်အောင်၊အင်္ဂပူမြို့နယ်များမှ ရခိုင်ရိုးမအစပ်တွင် နေထိုင်သော ကျေးရွာပြည်သူများကို တောအတွင်း သစ်၊ဝါးခုတ်ယူခြင်းမပြုရန်နှင့် တောအတွင်းနေထိုင်ပြီး လုပ်ကိုင်စားသောက်နေသူများကို ရွာကိုပြန်ရန် အမိန့်ပေးထားကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ တပ်စခန်းအချို့ ကို ရခိုင့်တပ်တော်AAမှ သိမ်းယူနိုင်ခဲ့ပြီး နောက်ပိုင်း PDFများနှင့် ပူးပေါင်းကာ ရခိုင်ပြည်နယ်ဘက်မှ ၀င်ရောက်လာမည်ဆိုသည့် သတင်းများကြောင့် ယခုကဲ့သို့ လုံခြုံရေးများ တိုးမြှင့်ချထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကသုံးသပ်ပြောဆိုသည်။
#ရခိုင် #ကြံခင်း #ရေကြည် #သာပေါင်း #ပုသိမ် #ချောင်းသာ #ငွေဆောင် #ငရုတ်ကောင်း #ရက္ခိုင့်တပ်တော်# AA #Ayeyarwaddy_Times