ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်၊မြို့တော်ခန်းမအဝင် ၊အထွက်ဂိတ်ပေါက် မနေ့ ဇူလိုင်လ ၃၀ ရက် မနက် ၁၁ နာရီဝန်းကျင် ဗုံးပေါက်ကွဲမှုမှာ စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့နဲ့ စည်ပင်ဝန်ထမ်း ၂ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ စစ်တပ်ပိုင်ဝါဒဖြန့်မီဒီယာတွေမှာ ထုတ်ပြန် လာပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ ရဲတပ်ကြပ် လှမောင် ၊ရဲတပ်သား ဝေယံအောင်နဲ့ စည်ပင်ဝန်ထမ်းအမျိုးသား ၁ ဦး၊အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေကို စစ်ဆေးရုံကိုပို့ဆောင်ကုသနေရတယ်လို့ ဆိုပါတယ်။

ယမန်နေ့ ဗုံးပေါက်ကွဲစဥ်မှာတော့ ဗုံးပေါက်ကွဲတဲ့နေရာကို လူနာတင်ယာဥ် ၃ စီးရောက်ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိတယ်လို့ အနီးအနားရှိမြို့ခံတွေဆီကသိရပါတယ်။

ဗုံးပေါက်ကွဲမှုကိုတော့ ရန်ကုန်မြို့တော်လှန်ရေးအင်အား စုတွေဘက်က တစုံတရာထုတ်ပြန်လာတာမျိုးမရှိသေးပါဘူး။

ဇူလိုင်လ ၂၉ ရက်နေ့မနက်ပိုင်းမှာဘဲ ရန်ကုန်မြို့ တော်ခန်းမရှေ့မှာ ဘူးလက်လှဆွေဦးဆောင်တဲ့ စစ်တပ်ထောက်ခံသူတွေဟာ ကြိုးပေးကွပ်မျက်မှုကိုထောက်ခံပွဲကို လုံခြုံရေးတင်းကျပ်ပြီးပြုလုပ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ – မြို့တော်ခန်းမဗုံးပေါက်ကွဲမှုမှာဒဏ်ရာရရှိခဲ့သည့်ရဲတပ်ဖွဲ့ဝင်အချို့ဟု စစ်ကောင်စီထုတ်ပြန်ထားခြင်းဖြစ်သည်။