ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံရဲအချင်းချင်း သေနတ်နဲ့ပစ်ခတ်မှု ဖြစ်တာကြောင့် ရဲ ၁ ဦး ဆေးရုံတင်ထားရပြီး ပစ်တဲ့ရဲကိုတော့ အချုပ်ထဲထည့်ထားတယ်လို့ သိရပါတယ်။

ကံကုန်းလမ်းဆုံးမှာ လာသမျှကား ပိုက်ဆံတောင်းဖို့ တာဝန်ချထားခံရတဲ့ ရဲအချင်းချင်း ဇူလိုင်လ ၂၂ ရက်နေ့ ညပိုင်းက သေနတ်နဲ့ပစ်ခတ်မှုကြောင့် ရဲ ၁ ဦးဟာ ပေါင်ကိုကျည်ထိမှန်ခဲ့လို့ ဆေးရုံတင်ထားရတာလို့ ဒေသခံ တွေထံက သိရပါတယ်။

“ ဖြစ်စဉ်ကမှန်တယ် ရဲအချင်းချင်းဖြစ်တာ ပေါင်ထိတဲ့သူကို ဆေးရုံတင်ထားပြီး ပစ်တဲ့သူကို ဖမ်းထားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
လမ်းကြေးတောင်းတဲ့ရဲတွေဟာ အရင်ကလည်း အရက်သေစာသောက်စားပြီး စကားများရန်ဖြစ်တာမျိုးတွေ ရှိပေမယ့် ခုတစ်ခါမှာ သေနတ်နဲ့ပစ်ခတ်တဲ့အထိဖြစ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောင်ပိုင်း ၆ လလောက်အကြာမှာ ပုသိမ်မြို့က ဝန်ကြီးများအိမ်ယာဝန်းထဲမှာ တာဝန် ကျတဲ့ ရဲအချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။