ကိုကိုလေး/ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၃၁ ရက်

တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာလမ်းပိုင်းမှာ စစ်ကောင်စီသတင်း ပေး (ဒလန်) ဆိုသူ ပျူစောထီးအဖွဲ့ဝင် မောင်မောင်ခ ကို ယမန့်နေ့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံကသိရပါတယ်။
အဆိုပါ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ စစ်တပ်သတင်းပေး မောင်မောင်ဟာ အသက် ၄၅ နှစ်ဝန်းကျင်အရွယ် တောင်ပျောက်တိုက်နယ်၊ သဲချောင်းကြီးကျေးရွာသားဖြစ်ပြီး သရက်နှစ်ခွကျေးရွာလမ်းပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရမှုအတွင်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

” သေနတ်သံ ၃ ချက်လောက်ကြားတယ်။ ၂ ချက်ထိသွားတယ်လို့ပြောတယ်။ဆီးခုံကို တစ်ချက်နဲ့ ဂျိုင်းအောက်ကိုတစ်ချက်ထိသွားတယ်။သူကဆိုင်ကယ်နဲ့လာနေတုန်း အပစ်ခံရတယ်။ သေနတ်နဲ့ အပစ်ခံရပြီးနောက်လူရောဆိုင်ကယ်ရော လမ်းပေါ်မှာလဲနေတာ။ ခဏကြာတော့ အရေးပေါ်ကားနဲ့ သရက်ချောင်းဆေးရုံကိုတင်သွားတယ် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်” လို့ ဒေသခံတဦးကပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရသူ မောင်မောင်ခ ဟာ သဲချောင်းကြီးရွာမှာ နေထိုင်ပြီး ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေကိုနည်းမျိုးစုံဖြင့်ဒုက္ခပေးပြီး ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦး ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဆိုပါ စစ်ကောင်စီသတင်းပေး မောင်မောင်ခကို မည်သည့် အဖွဲ့က သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်တယ်ဆိုတာကိုတော့ တော်လှန်ရေးအင်အားစုဘက်က သတင်းတစ်စုံတရာ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။