ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၅ ရက်

ဝါးခယ်မမြို့နယ်တွင် စစ်ကောင်စီက တစ်အိမ်တက်ဆင်း လူစာရင်းများ ကောက်ယူနေသဖြင့် အိမ်ထောင်စုစာရင်း မရှိသူများနှင့် မှတ်ပုံတင်မရှိသူများ အခက်တွေ့နေကြောင်း ဒေသခံများထံမှသိရသည်။

မြောင်းမြခရိုင် ၊ဝါးခယ်မမြို့ တွင် ဇန်နဝါရီ လကုန်းခါနီးမှစကာ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သော နေအိမ်များရှိ မိသားစုဝင်များအရေအတွက်ကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များမှ လိုက်လံကောက်ယူ နေကြကြောင်း ဒေသခံများထံမှသိရသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အပေါင်းပါတွေက အိမ်မှာလူဘယ်နှစ်ယောက်နေလည်း ဆိုပြီး စာရင်းလိုက်ယူနေတာ။ နေတဲ့သူတွေဆို အိမ်ထောင်စုဇယားနဲ့ တိုက်စစ်တယ်။ မပါတဲ့သူဆို ဘယ်ကလာတယ်ဆိုတဲ့ အထောက်အထားတွေတောင်းတယ် ။ လူဦးရေ စာရင်းကောက်တာမျိုးမဟုတ်ပဲ တစ်ခုခု လုပ်ဖို့ကြံနေတာလို့ထင်တယ် ။ အခုကဒီကောင်တွေက အင်အားလိုနေတာဆိုတော့ အရွယ်ကောင်းတွေဆို တပ်ထဲအတင်းဆွဲထည့်မှာကြောက်ရတယ် “ဟု ဝါးခယ်မမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီအနေဖြင့် နည်းလမ်းမျိုးစုံသုံးကာ အင်အား ဖြည့်တင်းရန်ကြိုးပမ်းနေပြီး တပ်သားသစ် ရရှိရေးအတွက် လိမ်လည်းခေါ်ယူခြင်း ၊ ခြိမ်းခြောက်ခြင်း ၊ စစ်သင်တန်းတတ်ရန်မဲနှိုက်ခိုင်ခြင်းများ ပြုလုပ်နေပြီး လူစာရင်းကောက်ယူခြင်း နည်းလမ်းများကို သုံးကာ အင်အားဖြည့်တင်းရန် ကြိုးစားနေကြောင်း သိရသည်။

“စစ်ကောင်စီကအခု ပဲခူးတို့ စစ်ကိုင်းတို့ဘက်မှာ စစ်တိုက်ဖို့ မဲနှိုက်ပြီး လူရွေးနေတာ ။ ဒီဘက်လည်း ဒါမျိုးဖြစ်မလာဘူးလို့ပြောလို့မရဘူး ။ သူအာဏာရူးတာတစ်ခုအတွက် အခြားသူတော့အသက်မပေးနိုင်ဘူး ။ သူ့သားသမီးတွေကျတော့ ဘာလို့မတိုက်ခိုင်လည်း သူ့လက်အောက်ကကောင်တွေလို ပြည်သူက ခေါင်းမရှိတာမဟုတ်ဘူး။ အခုလည်း ဒါတွေလုပ်နေတာ ကောင်းတဲ့ဟာတော့ဟုတ်မယ်မထင်ဘူး “ဟု ဝါးခယ်မမြို့ခံအမျိုးသားတစ်ဦးမှ ဧရာဂတီတိုင်းမ်ကိုပြောသည်။

အဆိုပါလူစာရင်းကောက်ခံမှုအား စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများမှ လိုက်လံဆောင်ရွက်နေပြီး ဝါးခယ်မမြို့နယ်အပြင် အိမ်မဲနှင့် ကျောင်းကုန်းမြို့တွင်လည်း အလားတူ လူစာရင်းကောက်ခံနေကြကြောင်း ဒေသခံများထံမှ သိရသည်။

#ဝါးခယ်မမြို့နယ်#စစ်ကောင်စီ #လူစာရင်းများကောက် #အိမ်ထောင်စုစာရင်း #မှတ်ပုံတင် #Ayeyarwaddy_Times