
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ယခု ငါးရက်အတွင်း အမေရိကန်ဒေါ်လာ ၂၉ သန်း နှင့် ထိုင်းဘတ် သန်း ၂၅၀ ရောင်းချခဲ့ကြောင်း ယင်းဘဏ်၏ထုတ်ပြန်ချက်အရသိရသည်။
ဗဟိုဘဏ်သည် ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ ရောင်းချခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်နေ့က ကန်ဒေါ်လာ ငါး သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ကို ရောင်းချခဲ့ကာ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၁၃ သန်းရောင်းချပေးခဲ့ကြောင်း သိရသည်။
“ ဒီရက်ပိုင်း ပို့ကုန်များတော့ ဒေါ်လာအဝင်များလို့ ထုတ်ရောင်းတယ်လို့ထင်တယ်။ သူတို့ထုတ်ရောင်းလည်း ဘယ်သူလက်ထဲရောက်မလဲမပြောတတ်ဘူး။ ဈေးကွက်ထဲတော့ သိသိသာသာရောက်မလာဘူး။ ဒေါ်လာဈေးက တစ်ဒေါ်လာကို ၃,၅၀၀ နဲ့ ၃,၆၀၀ ပတ်ဝန်းကျင်မှာပဲ” ဟု ဒေါ်လာဈေးကွက်နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်က ထိုသို့ ထုတ်ရောင်းပေးပြီးနောက် ထိုင်းဘတ်ဈေးနှုန်းသည် ယခုရက်ပိုင်းအတွင်း တစ်ဘတ်လျှင် ကျပ် ၁၀၀ ဖြစ်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။
လက်ရှိတွင် ပြည်ပသွင်းကုန်များဖြစ်သည့် ဆီအမျိုးမျိုး၊ ဆေးဝါး၊ လူသုံးကုန်ပစ္စည်းများ၊ ကုန်ကြမ်းပစ္စည်း အပါအဝင် လျှပ်စစ်ပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်များ ဈေးအမြင့်မှာပင် ရှိနေကြောင်းသိရသည်။
ထို့ပြင် နိုင်ငံခြားငွေသုံးစွဲရေးနှင့်ပတ်သက်၍ မူဝါဒပြောင်းလဲပြီးသည့်နောက်ပိုင်း ပို့ကုန်တိုးတက်လာသော်လည်း စက်သုံးဆီ၊ စားသုံးဆီအပါအဝင် ပြည်တွင်းစားသုံးကုန်များအတွက် နိုင်ငံခြားငွေသုံးစွဲနေရကြောင်း စစ်ကောင်စီအဖွဲ့ဝင်များအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။
#ဗဟိုဘဏ် #ဒေါ်လာရောင်း #ဘတ်ရောင်း #Ayeyarwaddy_Times