
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၅ ရက်
တနင်္သာရီတိုင်း ၊ရေဖြူမြို့နယ် ၊ကလိန်အောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ-၄၁၀ တပ်ရင်းတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ ခုနစ် ဦးခန့် ဒဏ်ရာရရှိကြောင်း သိရသည်။
ရေး – ထားဝယ်ကားလမ်းမပေါ်ရှိ ခမရ-၄၁၀ တပ်ရင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက် နေ့ နံနက် ၈နာရီ၃၀ မိနစ်ခန့်တွင်ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ – ၄) ထံက သိရသည်။
“ကျွန်တော်တို့ ခမရ – ၄၁၀ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးသီး လေးလုံးချတိုက်ခိုက်ခဲ့တယ်။ လက်နက်တိုက် အနားကို နှစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်ဗျ။ ပြီးတော့စစ်ကောင်စီတပ်ရဲ့ ဝန်ထမ်းအိမ်ရာ အနားကို နှစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်”ဟု ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ – ၄) မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းသို့ တိုက်ခိုက်မှုကြောင့် ခမရ – ၄၁၀ တပ်ရင်း၏ အဆောက်အအုံ အချို့ထိခိုက်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား သုံး ဦးသေဆုံးကာ ခုနစ် ဦးခန့်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခမရ – ၄၁၀ တပ်ရင်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီတပ်သားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ အနီးအနားရှိ ဥယျာဥ် ခြံများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါတိုက်ခိုက်မှုကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ -၄)၏ ဒရုန်းတပ်ဖွဲ့နှင့် Dawei Defense Team (DDT တပ်ခွဲ – ၃) တို့ မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင်များဖက်မှ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
ကလိန်အောင်မြို့ကို အခြေစိုက် စစ်ကောင်စီတပ်ရင်းများမှာ ခလရ- ၂၈၂ ၊ခမရ-၄၀၈၊ ခမရ-၄၀၉ ၊ ခမရ-၄၁၀ တပ်ရင်း လေးရင်းရှိပြီး အဆိုပါ တပ်ရင်းများအနက် ရေး -ထားဝယ် ကားလမ်းမပေါ်ရှိ ခမရ-၄၀၈၊ ခမရ-၄၀၉ ၊ ခမရ -၄၁၀ တပ်ရင်းသုံးရင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မကြာခဏ သွားရောက်တိုက်ခိုက်ခြင်း ခံနေရကြောင်း သိရသည်။
ဓာတ်ပုံ-ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဒေါနတပ်ခွဲ – ၄)
#ကလိန်အောင်မြို့ #ခမရ၄၁၀တပ်ရင်း #ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက် #စစ်ကောင်စီတပ်သား #၃ဦးသေဆုံး #Ayeyarwaddy_Times