ဧရာဝတီတိုင်းမ်
(မရာ)၊ ဖေဖော်ဝါရီ ၅ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ မရာဒေသတွင် အခြေစိုက်ထားသော ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၏ ယာယီတပ်စခန်းတစ်ခုကို မရာကာကွယ်ရေးတပ်ဖွဲ့(MDF)က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် ချောင်းမြောင်းပစ်ခတ်မှုကြောင့် ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့ဝင်တစ်ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၏ တပ်ခွဲမှူးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ခွင့်ရက်ဖြင့် ခရီးသွားနေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)တပ်ဖွဲ့ဝင် နှစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့က မရာကာကွယ်ရေးတပ်ဖွဲ့(MDF)က ဖမ်းဆီးခဲ့၍ ဖမ်းဆီးခံရသောတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန်အတွက် ညှိနှိုင်းရန် သွားရောက်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၏ ဗျူဟာမှူးနှင့် တပ်ခွဲမှူးတို့ကိုလည်း မရာကာကွယ်ရေးတပ်ဖွဲ့(MDF)က ထပ်မံဖမ်းဆီးခဲ့သည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့တွင်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)တပ်ဖွဲ့ဝင်နှစ်ဦးကို လက်နက်တစ်လက်နှင့်အတူ မရာဒေသ(၉)မိုင်တွင် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)က ထပ်မံဖမ်းဆီးခဲ့ရာတွင် တပ်ဖွဲ့ဝင်တစ်ဦးမှာ လွတ်မြောက်လာခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“MDFဖက်က အရင်လာစတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတယ်။ သတ်ဖြတ်တယ်။ ကျွန်တော်တို့က ချင်းအမျိုးသားတပ်မတော်နဲ့ ပူးပေါင်းပြီးတော့ လိုင်လင်းပီမြို့ကို သိမ်းပိုက်တယ်။ သိမ်းသွားတဲ့နေရာက လွတ်မြောက်နယ်မြေဖြစ်သွားတော့ အုပ်ချုပ်ရေးစနစ်ကို တည်ထောင်တယ်။ NUG လမ်းစဉ်အတိုင်းကျွန်တော်တို့သွားတယ်။ ကျွန်တော်တို့ သိမ်းပိုက်ထားတဲ့နယ်မြေမှာ အုပ်ချုပ်ရေး တည်ဆောက်တဲ့အချိန်မှာ (MDF)တွေက ပလက်ဝနယ်ကနေ လက်နက်အပြည့်အစုံနဲ့ တက်လာပြီးတော့ ကျွန်တော်တို့ကို လာပစ်တာလေ။ အဲ့ဒါကို ကျွန်တော်တို့က စစ်ရေးအရ ပြန်လည်တုံ့ပြန်တာဖြစ်တယ်”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၊ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။

မရာကာကာကွယ်ရေးတပ်ဖွဲ့(MDF)၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် ကျဆုံးသွားသော ချင်းအမျိုးသားတပ်မတော်(CNA)တပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကို ရုပ်ပြတ်/ဆင်းပြတ်ဖြစ်အောင် ပြုလုပ်ခဲ့ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မရာဒေသတွင် လူမျိုးအချင်းချင်းထိပ်တိုက်ပစ်ခတ်မှုမဖြစ်ပွားရန်အတွက် မရာလူငယ်အသင်းဌာနချုပ်၊ သင်းအုပ်ဆရာများ၊ ဘာသာရေးခေါင်းဆောင်များ၊ လူငယ်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူလူထုများက နှစ်ဖက်စလုံးကို ညှိနှိုင်းသဘောတူညီမှုဖြင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ဆောင်ရွက်နေစဉ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၏ တပ်စခန်းကို မရာကာကွယ်ရေးတပ်ဖွဲ့(MDF) က အလစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး အကြောင်းပြချက်ခိုင်ခိုင်လုံလုံမပေးနိုင်ဘူး။ အချင်းချင်းပဲ ပြန်လွှတ်ပေးဖို့ ညှိနှိုင်းတာပေါ့။ ပြန်မလွှတ်ပေးတဲ့အပြင် နှစ်ယောက်ကနေ လေးယောက်ဖြစ်လာတယ်။ လေးယောက်ကနေ ခြောက်ယောက်ဖြစ်လာတယ်။ သေနတ်တွေလည်းပါသွားတယ်။ ဘာပဲဖြစ်ဖြစ်ကိုယ့်အချင်းချင်းပဲဆိုပြီး ဆက်အလျော့ပေးထားတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့ရဲ့ စခန်းကို ဝင်တိုက်တော့ တပ်ဖွဲ့ဝင်တွေလည်း ဒဏ်ရာရပြီး သေကြေကုန်ပြီလေ။ အဲ့ဒီတော့ သူတို့က စစ်ရေးနဲ့ စခဲ့လို့ ကျွန်တော်တို့က စစ်ရေးနဲ့ ပြန်လည်တုံ့ပြန်တာဖြစ်တယ်”ဟုချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၊ ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)က ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)၏ ဗျူဟာမှူးအပါအဝင် တပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးခဲ့သည့်အပြင် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)ကြောင့် ချင်းအမျိုးသားတပ်မတော်တပ်ဖွဲ့ဝင် တစ်ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)တပ်ဖွဲ့ဝင် နှစ် ဦးကျဆုံးခဲ့ရပြီး ဒဏ်ရရှိသူစုစုပေါင်း ရှစ် ဦးအထိ ရှိလာပြီဖြစ်ကြောင်းသိရသည်။

မရာကာကွယ်ရေတပ်ဖွဲ့(MDF)သည် အာဏာသိမ်းပြီးနောက် ရခိုင်တပ်တော်(AA)ထံသို့ စစ်သင်တန်းတက်ရောက်ခဲ့ပြီး ရခိုင့်တပ်တော်ထံမှ လက်နက်ခဲယမ်းအကူအညီများရယူ၍ ပလက်ဝဒေသတွင် စစ်ကောင်စီတပ်စခန်းများကို လက်တွဲတိုက်ခိုက်နေသလို ချင်းကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)၏ တပ်စခန်းများကိုလည်း တိုက်ခိုက်ခဲ့သည်။

ချင်းအမျိုးသားတပ်မတော်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့(မရာ)နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များက မရာကာကွယ်ရေးတပ်ဖွဲ့(MDF)ကို စစ်ရေးအရ ပြန်လည်တုံ့ပြန်တိုက်ခိုက်ခဲ့ပြီးနောက် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)သည် ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့ကြောင်း ထုတ်ပြန်သည်။

မရာကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ရေးအရတုံ့ပြန်မှုကို ရပ်တန့်ရန်နှင့် မရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်မည်ဆိုပါက ချင်းညီနောင်အနေဖြင့် မရာကာကွယ်ရေးတပ်ဖွဲ့(MDF)ဘက်မှ တိုက်ခိုက်တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မတူပီမြို့နယ်၊ မရာဒေသတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ခရီးသွားလာသော ဒေသခံပြည်သူများ၏ ဖုန်းများသိမ်းဆည်းခံထားရပြီး ခရီးဆက်လက်သွားနိုင်ခြင်းမရှိဘဲ လမ်းခုလတ်တွင် အခက်အခဲကြုံနေရကြောင်းဒေသခံများထံက သိရသည်။

ပုံစာ-CNAတပ်ဖွဲ့ဝင်နှင့် MDFထံမှ သိမ်းဆည်းရမိသော ပစ္စည်းများ။
#မတူပီမြို့နယ် #ချင်းကာကွယ်ရေးတပ်ဖွဲမရာ #မရာကာကွယ်ရေးတပ်ဖွဲ့MDF #တိုက်ခိုက် #နှစ်ဖက်တိုက်ပွဲ #ဆက်လက်ဖြစ်ပွား #Ayeyarwaddy_Times