
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၃ရက်
ဧရာဝတီတိုင်း၊ ကြံခင်းမြို့အနီး ရခိုင်ရိုးမပေါ်သို့ တော်လှန်ရေးအဖွဲ့များအား ရှာဖွေရန်အကြောင်းပြကာ စစ်ကောင်စီတပ်အင်အား ၃၀ ကျော်ဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ရက်နေ့ကစပြီး တစ်ပတ်ကြာစစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံကသိရသည်။
ရခိုင်ရိုးမပေါ်၌ တော်လှန်ရေးအဖွဲ့များရောက်ရှိနေသည်ဟုဆိုကာ ပိုးစုကြီးကျေးရွာမှတဆင့် ရိုးမတောင်ပေါ်သို့ စစ်ကောင်စီတပ်အင်အား၃၀ ကျော်ဖြင့် ပြီးခဲ့သည့်ဖေဖော်ဝါရီလ၁ရက်နေ့မှစ၍ အချိန်တစ်ပတ်ကြာ စစ်ကြောင်းထိုးနေကြောင်း ကျေးရွာဒေသခံများထံကသိရသည်။
“ရိုးမပေါ်ကို တော်လှန်ရေးအဖွဲ့တွေရောက်တယ်ဆိုပြီး စစ်ကြောင်းဝင်ထိုးနေတာ သုံးရက်ရှိပြီ။ တစ်ပတ်ကြာမယ်လို့တော့ကြားတယ်”ဟု ပိုးစုကြီးကျေးရွာ ဒေသခံအမျိုးသားတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ရခိုင်ရိုးမပေါ်တွင် ဝါးခုတ်လုပ်ကိုင်နေသည့် ဒေသခံများအား တောင်ပေါ်မှအမြန်ဆုံးထွက်ခွာရန် နှင့်မထွက်ခွာပါက ပစ်ခတ်မှုပြုလုပ်မည်ဟု စစ်ကောင်စီတပ်မှခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများထံကသိရသည်။
“တောင်ပေါ်မှာသစ်ဝါးခုတ်တဲ့သူတွေကိုတောင်ပေါ်ကနေအမြန်ထွက်ခိုင်းနေတယ်။မထွက်ရင်ပစ်မယ်ဆိုပြီးချိန်းခြောက်ပြောခံရတယ်။ တော်တော်များများကြောက်လို့ အကုန်တောင်ပေါ်ကနေဆင်းပေးနေရတယ်”ဟု တောင်ပေါ်သို့သစ်ဝါးခုတ်ပြုလုပ်နေသည့်ဒေသခံတစ်ဦးကဆိုသည်။
အလားတူကြံခင်းမြို့နယ်တွင် ပြီးခဲ့သည့် နှစ်ဒီဇင်ဘာလအတွင်းကလည်း ရခိုင်ရိုးမပေါ်တွင် တော်လှန်ရေးအင်အားစုများရောက်ရှိနေသည်ဟု ဆိုကာဟင်္သာတာမြို့အခြေစိုက် ခလရ(၁၈)မှတပ်အင်အား ၄၀ဦးကျော်ဖြင့်တစ်လကြာ စစ်ကြောင်းထိုးခဲ့သည်။
#ရခိုင်ရိုးမ #တော်လှန်ရေးအဖွဲ့များ #စစ်ကောင်စီ #Ayeyarwaddy_Times