
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာအနီးရှိ ရှမ်းနီအမျိုးသား တပ်မတော် (SNA) တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ များကို ရှမ်းနီSNA တပ်ဖွဲ့ထဲသို့ဝင်ရန် အဓမ္မလူသစ်စုဆောင်းနေကြောင်း ဒေသခံများထံက သိရသည်။
ရှမ်းနီအမျိုးသား တပ်မတော်(SNA)က တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏တပ်တွင် တပ်ဖွဲ့ဝင်များ လိုအပ်ချက်ကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်နည်းတူ တစ်ရွာဝင် တစ်ရွာထွက် အဓမ္မလူသစ်စုဆောင်းသော်လည်း လက်မခံသည့် ကျေးရွာအချို့က ဒေသခံများနှင့် ပြဿနာများဖြစ်ပေါ်နေ ကြောင်း ဒေသခံများက ပြောကြားသည်။
“စစ်ကောင်စီတပ်လို ရှမ်းနီတပ်တွေကလည်း လူတွေမကြာခဏ အဓမ္မလူသစ်တွေ စုတယ်။ တချို့ကြတော့လည်း ကြောက်တော့လိုက်ကြရတယ်။ သူတို့က လက်နက်ပြပြီး လူစုတော့ ကြောက်နေရတယ်။ တစ်ချို့လက်မခံတဲ့ ရွာတွေနဲ့တော့ စကားတွေများ ကြတယ်” ဟု နောင်ပိုအောင်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရှမ်းနီအမျိုးသား တပ်မတော်(SNA)ကတပ်ဖွဲ့ဝင်များသည် ဟုမ္မလင်းအခြေစိုက် ခမရ-၃၆၉ မှ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများနှင့် ပူးပေါင်းကာ ချင်းတွင်း မြစ်အတွင်း သွားလာနေသည့် ရေယာဥ်များကို မကြာခဏဆိုသလို အဓမ္မ ဆက်ကြေးတောင်းယူလေ့ရှိကြောင်း ဒေသခံများကဆိုသည်။
“နောင်ပိုအောင်နဲ့နီးတဲ့ မိုးလင်းရွာကတော့ လူထပ်စုလည်း မပေးနိုင်တော့ဘူး၊ သတ်ရင်လည်း တရွာလုံးသာ သတ်သွားတော့လို့ပြောလိုက်ကြတယ်” ဟု အဓမ္မလူသစ် စုဆောင်းခံရသည့် ကျေးရွာတစ်ရွာရှိ ဒေသခံအမျိုးသားတစ်ဦးက ဆက်လက်ပြောသည်။
လက်ရှိ နောင်ပိုအောင်စံပြကျေးရွာအနီးရှိ နေရာအများစုတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီအမျိုးသား တပ်မတော်(SNA)ကတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တပ်စွဲထားပြီး တပ်စွဲရာအနီးရှိ ကျေးရွာများမှ ဒေသခံများကို အဓမ္မလိုက်လံကာ တပ်ဖွဲ့ဝင်များအဖြစ် လူသစ်စုဆောင်းလျက်ရှိနေသည်။
ထို့ပြင် ရှမ်းနီအမျိုးသားတပ်မတော် (SNA)က တပ်ဖွဲ့ဝင်များ အဓမ္မလူသစ်စုဆောင်းမှု ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံအချို့လည်း ရှိနေကြောင်း ဒေသခံများထံက သိရသည်။
#နောင်ပိုအောင် #ရှမ်းနီတပ်SNA #ဒေသခံပြည်သူ #အဓမ္မလူသစ်စုဆောင်း #Ayeyarwaddy_Times