
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ ရက်
ဧရာဝတီတိုင်း တော်လှန်ရေးတပ်ဖွဲ့များ လိုအပ်သည့်နေရာများတွင် ကူညီထောက်ပံ့နိုင် ရေးအတွက် ဧရာဝတီတိုင်းသားများ စုစည်း၍ ဖိုက်ဒယ်တာဖိုက် (Fight Delta Fight) ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို ယနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့က လွတ်မြောက်နယ်မြေတစ်ခုတွင် ပြုလုပ်ခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ထံက သိရသည်။
Fight Delta Fight ရုပ်ရှင်ဇာတ်ကားသည် ဧရာ၀တီတိုင်းရှိ တော်လှန်လူငယ်များ အကြောင်း အခြေပြုဇာတ်အိမ်တည် ရိုက်ကူးထားခြင်းဖြစ်ပြီး ပြသ၍ ရရှိလာသည့် ရန်ပုံငွေကို တော်လှန်ရေး လုပ်ဆောင်နေကြသည့် ဧရာဝတီတိုင်း ပြည်သူကာ ကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊ တပ်ဖွဲ့များ၏ လိုအပ်နေမှုကို ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
“အခု မိတ်ဆက်ပြသတဲ့ ရုပ်ရှင်ကားကို နိုင်ငံတကာမှာ ပြသမှာဖြစ်ပြီး ရရှိတဲ့ရန်ပုံငွေ ကိုလည်း ဧရာဝတီတိုင်းမှာလိုအပ်နေတဲ့ တော်လှန်ရေးတပ်ရင်း တပ်ဖွဲ့တွေ ကိုပံ့ပိုး ကူညီသွားပေးသွားမှာပါ” ဟု ရုပ်ရှင်ထုတ်လုပ်ရေး ကော်မတီတာဝန်ရှိသူ ဦးသန်းလွင်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရုပ်ရှင်ပြသမှုအပြင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီရုပ်ထုနှင့် ဗိုလ်ချုပ် အောင်ဆန်းမြင်းစီပုံပါ သင်လက်ရာပန်းချီကားကိုပါ လေလံတင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ရုပ်ရှင်ထုတ်လုပ်ရေး ကော်မတီတာဝန်ရှိသူ ဦးသန်းလွင်က ဆိုသည်။
လေလံတင်ရောင်းချမည့် ဒေါ်အောင်ဆန်းစုကြည်၏ ပန်းချီရုပ်ထု နှစ်ခုမှာ ငွေသားနှင့် ကျောက်စိမ်း ချယ်ထားပြီး ရုပ်ထုတစ်ခုလျှင် အမေရိကန်ဒေါ်လာ ၂၅၀၀ နှင့် သင်ဖြူးဖျာဖြင့် ရက်လုပ်ထားသည့် ပန်းတနော်လက်ရာ ဗိုလ်ချုပ်မြင်းစီးပန်းချီကားကို အမေရိကန် ဒေါ်လာ ၅၀၀ ဖြင့် လေလံ တင်ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
ပုံစာ-ပြသမည့်ရုပ်ရှင်ကားနှင့်လေလံတင်ရောင်းချမည့်ရုပ်ထုနှင့်ပန်းချီကား
#ဧရာဝတီတိုင်း #တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များ #FightDeltaFight #ရုပ်ရှင်မိတ်ဆက်ပွဲ #Ayeyarwaddy_Times