ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၄ရက်

တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းယူထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီက ယမန်နေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းက အင်အားအလုံး အရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ ည ၇နာရီ ၃၀ မိနစ်ခန့်က ကောလင်းမြို့၏ တောင်ဘက်နှင့် မြောက်ဘက်ခြမ်းတို့ကို စစ်ကြောင်း လေးကြောင်းခွဲကာ ဝင်ရောက် လာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ကောလင်းခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ထားသည်။

“လေယာဥ်တွေနဲ့ ဝန်းသို၊ ကိုးတောင်ဘို့တို့ကို စစ်ကူတွေပို့ ကတည်းက ကောလင်း မြို့ထဲရှိသူတွေကို ကိုယ့်ရဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ရောရွှေ့ပေးနေတာ။ ညကတော့ တိုက်ပွဲစဖြစ်တယ်။ ကောလင်းက လုံးဝအရေးပေါ် အခြေအနေဖြစ်နေပြီ။ အခု မြို့ထဲနေသူတွေ အရေးပေါ်တိမ်းရှောင်ကုန်ကြပြီ” ဟုကောလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁ရက်နေ့မှ ၃ရက် နေ့အတွင်း ကောလင်းမြို့ကို စစ်ကြောင်းထိုးရန်အတွက် ဝန်းသို ခမရ-၁၂၀တပ်တွင်းသို့ Mi-17 (ဗိုက်ဖောင်းရဟတ်ယာဥ်) ဖြင့် (၇) ကြိမ်၊ ကိုးတောင်ဘို့ စစ်စခန်းသို့ အဆိုပါရဟတ်ယာဥ် ဖြင့် (၈) ကြိမ်ဆင်းသက်၍ စစ်ကူအင်အားများ ဖြည့်တင်းခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များသည် ယနေ့ ဖေဖော်ဝါရီ ၄ရက်နေ့တွင် ကြခတ်အိုင်ရွာအနောက်ဘက်မှတဆင့် ဒေါင်းမြူးချောင်းကိုကျော်ကာ ကောလင်းမြို့အတွင်းသို့ ဝင်ရောက် လျက်ရှိကြောင်း သိရသည်။

ဝန်းသို ခမရ-၁၂၀ တပ်မှလည်း အင်အား ၁၅၀ခန့်ရှိ စစ်ကောင်စီတပ်သားများကို ယမန်နေ့ ဖေဖော်ဝါရီ ၃ရက်က စစ်ကြောင်းများခွဲ၍ ကောလင်းမြို့မြောက်ဘက် မိုးကောင်းတောင်ကို ဝင်ရောက်စီးနင်း လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ကောလင်းရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး မြို့တွင်းရှိ ပြည်သူများ အရေးပေါ် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းများ အတွင်းကတည်းက ကောလင်းကို စစ်ကြောင်းထိုးဝင်ရောက်ရန်ရည်ရွယ်၍ ကန့်ဘလူနယ်အတွင်းသို့ လေယာဥ်ဖြင့်ဗုံးများ ကြဲချခြင်း၊ မြေပြင်မှစစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာစဥ်တလျောက် မီးရှို့ဖျက်ဆီးမှု များကို လုပ်ဆောင်ခဲ့ကြောင်းသိရသည်။

ကောလင်းမြို့အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်သည့် တပ်များမှာ ဝန်းသိုနှင့် ကိုးတောင်ဘို့တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသာမက ကန့်ဘလူ တင့်ကားတပ်ရင်း တကရ- ၆၀၀၆ နှင့် စစ်ကောင်စီ ကြံစိုက်ပျိုးရပ် တပ်အတွင်းစုဆောင်းထားသည့် တပ်မ၊တပ်ရင်းပေါင်းစုံမှတပ်သားများ၊ ပျူများပါ အင်အားအလုံးအရင်းနှင့် ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ပုံစာ- ကောလင်းသို့ချီတက်မည့် ကန့်ဘလူနှင့် ဝန်းသိုမှစစ်ကောင်စီတပ်သားများ
#ကောလင်း #စစ်ကောင်စီတပ် #အင်အားအလုံးအရင်းဝင်ရောက် #တိုက်ပွဲပြင်းထန် #Ayeyarwaddy_Times